Home
မြန်မာသတင်း
ရခိုင်စစ်ရှောင်စခန်းများတွင် သောက်သုံးရေရှားပါးမှု ပိုဆိုးလာဟု ကုလထုတ်ပြန်
DVB
·
March 29, 2024
yakhi 2932024

စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA) တို့ကြားက တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာကာ ဘေးလွတ်ရာတိမ်းရှောင်လာကြတဲ့ စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွေမှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့တွေ လျော့နည်းလာပြီး သောက်သုံးရေ ရှားပါးမှု ပြဿနာဟာ စိုးရိမ်စရာ ဖြစ်လာတယ်လို့ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က မတ် ၂၇ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

နေရပ်စွန့်ခွာလာကြရတဲ့ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ ယာယီဒုက္ခသည်စခန်းတွေမှာ အစားအစာနဲ့ အခြေခံလိုအပ်ချက်တွေ အပါအဝင် ထောက်ပံ့ရေးပစ္စည်းတွေ လျော့နည်းလာပြီး လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေဟာ လူနေရပ်ကွက်တွေအပေါ် ထိမှန်တာတွေရှိတယ်လို့ ဆိုပါတယ်။

တိုက်ပွဲကာလ ကြာမြင့်လာတာနဲ့အမျှ ရေအရင်းအမြစ်၊ အစားအစာအရင်းအမြစ်တွေဟာ ပိုမိုပြတ်လပ်လာပြီး သောက်ရေနဲ့ စားနပ်ရိက္ခာ မလုံလောက်မှုတွေဖြစ်နေကာ အစားအစာ ပြတ်လပ်မှုတွေတောင် ရှိနေပြီလို့ ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်လာသူတဦးက  ပြောပါတယ်။

“တိုက်ပွဲတွေဖြစ်တော့မယ်၊ စပြီးရှောင်ကြဟေ့ ရှောင်ကြဟေ့ ဆိုခါကနေ ရှောင်လာကြတာ ပစ္စည်းတွေ များများစားစားလည်း မပါလာကြပါဘူး။ ဒီမှာကလည်း လူကအရမ်းများတော့ စားနပ်ရိက္ခာတွေ၊ ရေတွေပါ မလုံလောက်တော့ဘူး။ ရေတွေဆိုရင်လည်း မသန့်ရှင်းဘူး။ အကြာကြီး တန်းစီပြီးတော့ ရေသွားသယ်ရတယ်။ တချို့မိသားစုတွေဆို ထမင်းတနပ် လျှော့စားတာတွေ၊ ထမင်းတနပ်စားဖို့ နှစ်ရက်လောက် အငတ်ခံပြီးတော့ ပေါင်းပြီး စားကြတာတွေတောင် ရှိတယ်။ အကူအညီတွေကလည်း မရှိတော့ ပိုဆိုးသထက် ဆိုးလာတယ်။”

ဒါ့အပြင် စစ်ဘေးရှောင်စခန်းတွေက သောက်သုံးရေတွေဟာ မသန့်ရှင်းတဲ့အပြင် ဝမ်းပျက်ဝမ်းလျှောမဖြစ်အောင် ကြိုတင်ကာကွယ်မှု၊ လုံလောက်တဲ့ အိမ်သာတွေနဲ့ ဆေးဝါးတွေလည်း မရှိတာကြောင့် ကျန်းမာရေးပြဿနာတွေပါ ကြုံနိုင်တယ်လို့ ပေါက်တောမြို့နယ်မှာ စစ်ဘေးရှောင်တဦးက ပြောပါတယ်။

“ရေတွေက မသန့်တဲ့အပြင် ရှားလာတော့ ရှိတဲ့ရေကိုပဲ ချက်ပြုတ် စားသောက်ပြီး သုံးနေရတယ်။ ကလိုရင်းခပ်တာတွေလည်း မရှိဘူး။ ရေကို ကြိုပြီးတော့လည်း မသုံးနိုင်ကြတော့ မသန့်တဲ့ရေကိုပါ သောက်နေကြရတယ်။ ဝမ်းပျက်ဝမ်းလျှော ဖြစ်လာရင်လည်း လုံလောက်တဲ့ ဆေးဝါးတွေလည်း မရှိတော့ နောက်ဆက်တွဲ ကျန်းမာရေး ဆိုးကျိုးတွေပါ ကြုံရနိုင်ခြေရှိတယ်။”

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီဘက်ကနေ ဖုန်း၊ အင်တာနက် အပါအဝင် ကုန်စည်စီးဆင်းခွင့်၊ ခရီးသွားလာခွင့်နဲ့ လူသားချင်း စာနာထောက်ထားရေးဆိုင်ရာ အကူအညီတွေကိုပါ ဖြတ်တောက်ထားတဲ့အပြင် ရေပြဿနာ ကြုံနေရတဲ့ ရွာတွေကိုလည်း ရေအကူအညီ သွားရောက်ပေးတဲ့ အဖွဲ့အစည်းတွေကိုပါ ပိတ်ပင်ထားတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၃ ရက်က စတင်ခဲ့တဲ့ ရခိုင်တကျော့ပြန်စစ်ပွဲတွေဟာ ငါးလနီးပါး ကြာမြင့်လာပြီ ဖြစ်တဲ့အပြင် တိုက်ပွဲတွေကြောင့် ဒေသခံတွေ သိန်းနဲ့ချီ စစ်ဘေးရှောင်နေရပြီး စစ်ဘေးရှောင် ကူညီရေးနဲ့ လူသားချင်း စာနာထောက်ထားရေးတို့အတွက် လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတွေကိုပါ စစ်ကောင်စီက ပိတ်ပင်ထားတဲ့အပြင် ရခိုင်ပြည်နယ်တွင်းမှာ အရပ်သားတွေကိုလည်း ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေပါတယ်။

စစ်ပွဲတွေကြောင့် အရင်းအမြစ်တွေ ရှားပါးလာတာ၊ ဆေးဝါးကုသခွင့်၊ ကုန်ဈေးနှုန်း မြင့်မားမှုအပြင် လက်နက်ကြီး လက်နက်ငယ် ပေါက်ကွဲမှု၊ မိုင်းအန္တရာယ်တွေအပြင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရခိုင်ပြည်နယ်တဝန်းမှာ အပြစ်မဲ့အရပ်သား သေဆုံးမှုနဲ့ ဒဏ်ရာရရှိသူတွေပါ ပိုတိုးလာနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013