ရန်ကုန်၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ ရပ်ကွက်တချို့မှာ စစ်မှုထမ်းဖို့ မဲနှိုက်ခြင်းမရှိဘဲ ဧည့်စာရင်းနဲ့ နေထိုင်သူတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက ဆင့်ခေါ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ တတိယပတ်လောက်ကစပြီး နေအိမ်မှာ လူရွေးပြီး စာရင်းလာကောက်ကာ စာရင်းရှိလူ ခြောက်ဦးထဲက တဦးကို မဲနှိုက်ခြင်းမရှိဘဲ မတ် ၂၅ ရက်မှာ စစ်မှုထမ်းဖို့အတွက် လာရောက်ဆင့်ခေါ်တယ်လို့ ပြောပါတယ်။
ဆင့်ခေါ်ခံရတဲ့ ကာယကံရှင်တဦးက “ကျမတို့အိမ်မှာ စာရင်းလာကောက်တော့ နာမည်ပေးလိုက်တယ်။ ကျမတို့လည်း စာရင်းလာကောက်ပြီး မဲနှိုက်မယ်ထင်လို့ နာမည်စာရင်း ပေးလိုက်တာပါ။ စစ်မှုထမ်းရမယ်ဆိုတာ သူတို့ဘက်က ဆင့်ခေါ်မှ သိတယ်။ မဲနှိုက်တာက ကောလာဟလတွေပါလို့ အုပ်ချုပ်ရေးမှူးက ပြောသွားတယ်” လို့ ပြောပါတယ်။
“၂၉ ရက်နေ့ မနက်ပိုင်းမှာ သွားဖို့အတွက် ကြိုပြင်ဆင်ထားပါတဲ့။ ဓာတ်ပုံတွေ၊ လက်မှတ်တွေ ယူသွားတယ်။ ရပ်ကွက်ထဲမှာလည်း တခြားလူတွေ အများကြီးရှိလျက်နဲ့ လူရွေးခေါ်တာတော့ မဖြစ်သင့်ဘူး” လို့ ကာယကံရှင်က ဆက်ပြောပါတယ်။
ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ထဲက ဒေသခံတဦးက “ကျမတို့ဆီမှာတော့ နာမည်စာရင်းတောင် လာမကောက်သေးဘူး။ ကိုယ့်ရပ်ကွက်မှာလည်း လူရွေးပြီး ခေါ်ခံထိမှာ စိတ်ပူနေရတယ်” လို့ ပြောပါတယ်။
ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ ရပ်ကွက်ပေါင်း ၄၄ ခုမှာ စစ်မှုထမ်းဖို့အတွက် တရပ်ကွက် တယောက်နှုန်းနဲ့ ခေါ်ယူနေတယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ ပြောဆိုကြောင်း ဒေသခံတွေက ဆိုပါတယ်။
ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ ခရိုင်နဲ့ မြို့နယ်၊ ကျေးရွာတွေမှာ စစ်မှုထမ်းဖို့အတွက် ရပ်ကွက်၊ ကျေးရွာအလိုက် ဆင့်ခေါ်ရေးအဖွဲ့နဲ့ စာရင်းကောက်ယူရေးအဖွဲ့ကို ပြီးခဲ့တဲ့ မတ် ၁၂ ရက်က ဖွဲ့စည်းခဲ့ပါတယ်။