မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပေါက်တောကျေးရွာ အုပ်ချုပ်ရေးမှူးရုံး မတ် ၂၇ ရက်က ဗုံးပေါက်ကွဲခဲ့တာကြောင့် ရုံးအဆောက်အအုံ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘီးလင်းမြို့နယ်၊ ပေါက်တောကျေးရွာအုပ်စု ကျောက်တလုံးရပ် ကျိုက်ထို-တောင်စွန်း ကားလမ်းမဘေးရှိ ပေါက်တောကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှာ မတ် ၂၇ ရက် မနက် ၂ နာရီကျော်က ဗုံးပေါက်ကွဲခဲ့ပြီး ရုံးအမိုး၊ ဘေးနံရံတွေနဲ့ အဝင်ပေါက်တို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။
တောင်စွန်းဒေသခံတဦးက “ဗုံးပစ်သွားတာမဟုတ်ဘူး၊ ဗုံးထောင်ပြီး ခွဲသွားတာ။ ဘာဖြစ်လို့လဲဆိုတော့ ရုံးနားမှာက ဝါယာကြိုးတွေကော ခလုတ်တွေပါ ရဲတွေတွေ့ပြီး သိမ်းသွားတာ။ အဆောက်အအုံကတော့ အများကြီး ထိခိုက်မှုမရှိပါဘူး။ ဘယ်အဖွဲ့လုပ်တာလဲ ဆိုတာတော့ သေချာမသိဘူး” လို့ ပြောပါတယ်။
ပေါက်တောကျေးရွာ အုပ်ချုပ်ရေးမှူးရုံး ပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်သားတွေက ကျိုက်ထို-တောင်စွန်း-ဘီးလင်း လမ်းမှာ လုံခြုံရေးတင်းကျပ်နေပြီး အစစ်အဆေးတွေလည်း ရှိနေပါတယ်။
ပြီးခဲ့တဲ့ မတ် ၇ ရက်ကလည်း ဘီးလင်းမြို့နယ်၊ ကော့ကဒွတ်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ကွဲခဲ့ပြီး အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။