ပြီးခဲ့တဲ့အပတ်က ဂီတဖျော်ဖြေပွဲမှာ လူ ၁၄၀ ကျော်ကို သတ်ဖြတ်ခဲ့တဲ့ သေနတ်သမားတွေဟာ “ယူကရိန်းအမျိုးသားရေးဝါဒီ” တွေနဲ့ ဆက်စက်မှုရှိတယ်လို့ ရုရှားစုံစမ်းစစ်ဆေးရေး ကော်မတီက မတ် ၂၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဖမ်းဆီးထားတဲ့ အကြမ်းဖက်သမားတွေရဲ့ ပူးပေါင်းထွက်ဆိုမှု၊ သူတို့ဆီက သိမ်းဆည်းရမိတဲ့ စက်ပစ္စည်းတွေကို လေ့လာမှု၊ ငွေကြေးအပေးအယူ အချက်အလက်တွေကို ဆန်းစစ်မှုတို့အရ ယူကရိန်း အမျိုးသားရေးဝါဒီတွေနဲ့ သူတို့အကြား ပတ်သက်မှုရှိတယ်ဆိုတဲ့ အထောက်အထား တွေ့ရှိရပါတယ်လို့ ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီက ထုတ်ပြန်ပါတယ်။
တိုက်ခိုက်သူတွေဟာ ယူကရိန်းကနေ ငွေသားနဲ့ ခရစ်ပတိုငွေကြေး အမြောက်အမြား ရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ကာဘီကတော့ ရုရှားရဲ့ စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိ၊ ဝါဒဖြန့်ချိမှုသာဖြစ်ပြီး ဒီတိုက်ခိုက်မှုအတွက် IS မှာသာ တာဝန်ရှိတယ်လို့ တုံ့ပြန်ပါတယ်။
တကယ်တမ်း ဒီအကြမ်းဖက်တိုက်ခိုက်မှု ဖြစ်မလာအောင် ကူညီဖို့ အမေရိကန်ဘက်က ကြိုးစားခဲ့သေးပြီး ဒါကို ကရင်မလင်နန်းတော်ကလည်း ကောင်းကောင်းသိထားပါတယ်လို့ ဂျွန်ကာဘီက ပြောသွားပါတယ်။
ယူကရိန်းဘက်က ငြင်းသလို IS ကလည်း သူတို့လက်ချက်ပါလို့ ကြေညာထားပေမဲ့ စဖြစ်ကတည်းကိုက ဒီတိုက်ခိုက်မှုမှာ ယူကရိန်းပတ်သက်တယ်ဆိုပြီး ရုရှားက စွပ်စွဲထားပါတယ်။
Source/Photo-Reuters