မြဝတီမြို့တဘက်ကမ်း၊ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မြန်မာနိုင်ငံဘက်ကို ပို့ဆောင်မယ့် ဒရုန်းပစ် လက်နက်တလက်ကို ပိုင်ရှင်မြန်မာနိုင်ငံသားနှစ်ယောက်နဲ့အတူ မတ် ၂၈ ရက်မှာ ဖမ်းဆီးရမိတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
ဒရုန်းပစ် လက်နက်တစုံနဲ့အတူ လေမှုတ်ပန်ကာတလက်ကိုပါ သိမ်းဆည်းရမိခဲ့တဲ့အကြောင်း ထိုင်းအစိုးရဌာနဆိုင်ရာ၊ ရဲတပ်ဖွဲ့နဲ့ ဒေသကွပ်ကဲရေးထိုင်းစစ်တပ်တို့ပူးပေါင်းပြီး မတ် ၂၉ ရက်မနက်က မဲဆောက်မြို့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ် ပြောကြားခဲ့တာပါ။
အဆိုပါလက်နက်ဟာ ကုမ္ပဏီတခုဆီကနေ အွန်လိုင်းဈေးကွက်ကတဆင့်မှာယူထားတာဖြစ်ပြီး မဲဆောက်မြို့ပို့ဆောင်ရေးကုမ္ပဏီတခုက ပစ္စည်းရောက်ရှိကြောင်း အကြောင်းကြားလာလို့ မြန်မာနိုင်ငံသား အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးတို့က သွားရောက်ယူစဉ် ထိုင်းရဲတပ်ဖွဲ့က ရှာဖွေသက်သေနဲ့တကွ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးခံရတဲ့ ရွှေ့ပြောင်းနေထိုင်သူ မြန်မာနိုင်ငံသား နှစ်ဦးဟာ ထိုင်းနိုင်ငံမှာ ခွင့်ပြုချက်မရှိဘဲ ဒရုန်းလက်နက်ဝယ်ယူမှုနဲ့ အရေးယူခံရဖွယ်ရှိနေပါတယ်။
နိုင်ငံတော်လုံခြုံရေးအတွက် အန္တရာယ်ဖြစ်နိုင်မယ့် ပစ္စည်းတွေဖြစ်တာကြောင့် ပိုင်ရှင်ဖြစ်သူနှစ်ဦးကို ထိုင်းနိုင်ငံရဲ့ တရားဥပဒေအတိုင်း အရေးယူနိုင်ဖို့ မဲဆောက်မြို့မရဲစခန်းကို မတ် ၂၈ ရက်မှာ လွဲပြောင်းပေးအပ်ထားပါတယ်။