ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့မှာ စစ်ကောင်စီတပ်နဲ့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (CDF) တွေအကြား တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ ကျင်ဒွေး ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၂ ရက်ကစလို့ ကျင်ဒွေးမြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေပြီး စစ်ကောင်စီတပ်သား အင်အား ၃၀၀ လောက်က ကျင်ဒွေးအထက်တန်းကျောင်းဝန်းထဲကနေ ခုခံပစ်ခတ်နေတာ ဖြစ်ပါတယ်။
ကျင်ဒွေးမြို့မှာ နေ့တိုင်း တိုက်ပွဲတွေ ဖြစ်နေပြီး စစ်ကောင်စီတပ်ဘက်က ရဟတ်ယာဉ်နဲ့ ရိက္ခာချတာ၊ စစ်သားအင်အား ထပ်တိုးတာတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
မတ် ၂၇ ရက် ညနေပိုင်းကလည်း ကန်ပက်လက်မြို့နယ်၊ မောချောင်းရွာနဲ့ လှိုင်ဒုတ်ရွာ အကြားကို လေကြောင်းကနေ ၁၀ ကြိမ် ပစ်ခတ်ခဲ့ပြီး လူနေအိမ်နှစ်လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ကန်ပက်လက်ဒေသခံတဦးက “လေကြောင်းကတော့ နေ့တိုင်းလာတယ်၊ ကျင်ဒွေးနဲ့ ၁၀ မိုင်ပတ်လည် ရွာတွေလည်း ကြဲတယ်။ တိုက်ပွဲကတော့ နေ့တိုင်းနီးပါး ဖြစ်နေတယ်။ ၂၄ ရက်နေ့က ကျင်ဒွေးနဲ့ ၁၀ မိုင်လောက်ဝေးတဲ့ တောင်ကုန်းမှာ အင်အား ၁၁၀ လောက် လာချထားတယ်။ ဂျက်ဖိုက်တာနှစ်စီး၊ ဟက်စကီးသုံးစီး၊ Y-12 တွေရော စုစုပေါင်း ၁၂ စီးလောက်နဲ့ ရွာတွေကို ပစ်ပြီးမှ အင်အားချသွားတယ်” လို့ ပြောပါတယ်။
ကျင်ဒွေးတိုက်ပွဲကြောင့် ကျင်ဒွေးမြို့နဲ့ အနီးဝန်းကျင် ကျေးရွာတွေက ပြည်သူ ၃,၀၀၀ ကျော် တိမ်းရှောင်နေရတာ ၃ လကျော်ပြီလို့လည်း သိရပါတယ်။
ကျင်ဒွေးတိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး CDF-ကန်ပက်လက်ဘက်က တစုံတရာ ထုတ်ပြန်တာနဲ့ သတင်းမီဒီယာတွေကို ဖြေကြားတာ မပြုလုပ်သေးပါဘူး။