ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာမှာ မတ် ၂၈ ရက်မနက်ပိုင်းက စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တဦးက အရပ်သား လူငယ်တဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။
ဆားမှော်ကျေးရွာ ရွှေပြည်သာဘုန်းကြီးကျောင်းအနီး လူငယ်နှစ်ဦး စကားများနေစဉ် ပြည်သူ့စစ်တပ်ဖွဲ့ဝင် ဦးလေးတော်စပ်သူက သူ့တူနဲ့ စကားများရန်ဖြစ်နေသူကို သေနတ်နဲ့ ပစ်သတ်ခဲ့တာပါ။
ဒေသခံရွာသားတဦးက "မနက် ၉ နာရီလောက်က ရွှေပြည်သာကျောင်းရှေ့မှာ လူငယ်နှစ်ဦး စကားများရန်ဖြစ်တယ်။ အဲ့ဒါကို စကားများရန်ဖြစ်နေတဲ့ လူငယ်ရဲ့ ဦးလေးတော်သူ ပြည်သူ့စစ်က သူ့တူနဲ့ စကားများရန်ဖြစ်သူကို သေနတ်နဲ့ လာပစ်သွားတာ။ သေပြီ” လို့ ပြောပါတယ်။
သေနတ်နဲ့ ပစ်ခတ်ခံရသူဟာ အသက် ၂၈ နှစ်အရွယ် ကိုသားငယ်ဖြစ်ပြီး မိုးကောင်းဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၁ ရက်ကလည်း ဆားမှော်ကျေးရွာ ခြေလျှင်တပ်ရင်း ခလရ ၁၀၅ က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ဆားမှော်ဒေသခံ အမျိုးသားတဦးသေဆုံးပြီး သုံးဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။