ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတွေမှာ သောက်သုံးရေတွေ ပြတ်လပ်နေတာကြောင့် ဂါလံ ၁,၀၀၀ ဆံ့ ရေကားတွေနဲ့ မတ် ၂၀ ရက်ကနေ မတ် ၂၈ ရက်အထိ စစ်ရှောင်စခန်း ခုနှစ်ခုမှာ ရေသွားရောက်လှူဒါန်းခဲ့တယ်လို့ Dreams- အိပ်မက်များ အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
“ကျနော်တို့ အခုလှူနေတာဆို ခုနှစ်ရက်ဆက်တိုက်ရှိပြီ။ ရေဂါလံအနေနဲ့ဆိုရင် ဂါလံပေါင်း ၂၁,၀၀၀ အထိ လှူပြီးပါပြီ။ နွေရာသီကာလဆိုတော့ ရေကရှားပါးနေတာကြောင့် ကျနော်တို့အနေနဲ့ ရေကို အဓိကလှူဖြစ်ပါတယ်။ စစ်ရှောင်တွေကလည်း ရိက္ခာနဲ့ ရေကို အဓိက အကူညီတောင်းတော့ ကျနော်တို့လည်း ပြည်တွင်းပြည်ပ အလှူရှင်အားနဲ့ လက်လှမ်းမီသလောက် လုပ်ပေးနေပါတယ်။”
ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်းက ပြည်သူတွေဟာ မိုးဗြဲမြို့နဲ့ ဖယ်ခုံမြို့နယ်တွေကနေ စစ်ဘေးရှောင်ကြရပြီး စစ်ရှောင်ကာလ သုံးနှစ်ထိ ရှိနေတဲ့သူတွေလည်း ရှိနေပါတယ်။
မိုးဗြဲကနေ စစ်ရှောင်လာတဲ့ အမျိုးသမီးတဦးက “နွေဆိုတော့ ရေက မရှိမဖြစ်ပဲပေါ့နော်။ စခန်းက ရေဘုံပိုင်မှာ သူများလှူထားတဲ့ရေနဲ့ ဝေပုံကျ မျှသုံးရတာမျိုးပေါ့။ အလှူရှင်တွေ မရှိတော့ရင် ကျမတို့ဘဝတော့ မလွယ်ပါဘူး။ တွေးလည်းမတွေးရဲဘူး” လို့ ပြောပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေက အလှူရှင်တွေ မလာရောက်နိုင်တဲ့အခါ တအိမ်ထောင်ကို ၁,၀၀၀ နှုန်း ကောက်ခံပြီး ရေကို ဝယ်ယူသုံးစွဲရတယ်လို့ ဆိုပါတယ်။
ခုလက်ရှိ မိုးဗြဲမြို့၊ ဖယ်ခုံမြို့တွေမှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်နိုင်တာအပြင် စစ်ကောင်စီတပ်က မြေမြှုပ်မိုင်းတွေ ထောင်ထားတာကြောင့် ပြည်သူတွေ နေရပ်မပြန်နိုင်သေးပါဘူး။