ရှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့နယ်ထဲမှာ MNDAA ကိုးကန့်တပ်ဖွဲ့ဝင်တွေနဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA) တပ်ဖွဲ့ဝင်တွေကြား ပစ်ခတ်မှုတွေ ရှိခဲ့ပြီး ရွာသား တဦးလည်းအဖမ်းခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ် ၂၆ ရက် ညနေပိုင်းနဲ့ မတ် ၂၇ မနက်ပိုင်းက သိန္နီမြို့နယ် ဟိုနောင်နဲ့ ပိန်းကန်းရွာကြားမှာရော၊ နမ့်စလပ်အုပ်စု ကောင်းကော်ရွာအနီးနဲ့ စယ်အူအုပ်စု ပန်နားရွာနားမှာပါ ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ သိန္နီဒေသခံတဦးက ပြောပါတယ်။
“မတ်လ ၂၆ ရက်ညနေ ၃ နာရီကျော်လောက်က သိန္နီအရှေ့ဘက် ဟိုနောင်နဲ့ ပိန်းကန်းရွာကြားမှာ ပစ်ကြတယ်။ ည ၇ နာရီမှာလည်း သေနတ်သံထပ်ကြားတယ်။ SSPP တပ်ဖွဲ့ဝင်တွေက နားတီးရွာဘက်သွားမလို့ နမ့်စလပ်ကောင်းကော်ရွာနားရောက်တော့ ကိုးကန့်တပ်က မပေး သွားဘူး။ အဲဒါနဲ့ ပစ်ခတ်ကြတယ်လို့ကြားတယ်။ ကိုးကန့်ဘက်က ဒရုန်းတွေနဲ့ပစ်တာတဲ့။ ထိခိုက်ဒဏ်ရာ ရတာရှိတယ်။”
MNDAA ဟာ ၁၀၂၇ စစ်ဆင်ရေးမှာ စစ်ကောင်စီတပ်တွေကို တိုက်ထုတ်ပြီး သိန္နီမြို့နယ် တခု လုံးကိုပါထိန်းချုပ်ထားပေမဲ့ သိန္နီဟာ အရင်ကတည်းက SSPP/SSA တပ်စခန်းတွေ တည်ရှိနေတာကြောင့် နယ်မြေစိုးမိုးမှုအငြင်းပွားဖွယ် ဖြစ်နေတာပါ။
ဒေသခံရွာသားတဦးက “ရှမ်းတပ်က အရင်ကတည်းကရှိတယ်။ သူတို့က ရွာသားတွေကို အစည်းဝေးခေါ်ပြီး အိမ်တိုင်းအိမ်တိုင်းစစ်သင်တန်း တက်ရမယ်။ စစ်သင်တန်းတက်ရင် ကိုယ်စားဖို့ ဆန် ၇ ပြည်စီပါ ယူသွားရတယ်။ ကိုးကန့်တပ်ဖွဲ့တွေရောက်လာတော့ SSPP/SSA နဲ့ အဆက်အသွယ် မလုပ်ရဘူး။ သူတို့ကိုလက်မခံရဘူးလို့ ပြောတယ်လေ။ ကျနော်တို့ရွာသားတွေ ဘယ်လိုလုပ်ရမလဲ၊ နှစ်ဘက်လုံးကို ကြောက်နေရတယ်”လို့ ပြောပါတယ်။
MNDAA စစ်သားတွေဟာ မတ်လ ၂၆ ရက် ည ၁၀ နာရီကျော်က စယ်အူအုပ်စု ပန်ဝပ်ရွာထဲဝင်လာပြီး လုန်း (ဦး) ဆန်ခမ်းကို SSPP နဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး ဖမ်းခေါ် သွားသလို သူ့ကားနဲ့ အိမ်ကရွှေငွေတွေပါ သိမ်းယူသွားတယ်လို့ ဒေသခံက ပြောပါတယ်။
သိန္နီဒေသခံတဦးက “ဒီမတိုင်ခင်က MNDAA စစ်သားတွေဟာ ရွာသူကြီးဆီအရင်သွားတယ်။ SSPP/SSA က စစ်သင်တန်းတက်ခိုင်းတာ။ ဘယ်အိမ်က ဘယ်သူတွေသွားရလဲဆိုတာ အတင်းမေးတယ်။ သူကြီးလည်း မတတ်သာလို့ပြောလိုက်ရတယ်ထင်တယ်။ အခုစစ်သင်တန်း သွားတက်ဖူးတဲ့ သူတွေရော၊ သင်တန်းတက်ဖို့စာရင်းထဲပါတဲ့သူတွေရော အကုန်ထွက်ပြေး နေရတယ်”လို့ ပြောပါတယ်။
တိုက်ပွဲဖြစ်ရတာနဲ့ ပတ်သက်ပြီး SSPP/SSA ပြန်ကြားရေးဌာနကလည်း MNDAA ဘက်က သူတို့တပ်စခန်းကို ဒရုန်းတွေနဲ့စပြီးပစ်ခတ်တာကြောင့် တိုက်ပွဲဖြစ်ခဲ့ရတယ်လို့ မတ်လ ၂၇ ရက် ညပိုင်းက ထုတ်ပြန်ထားပါတယ်။
သိန္နီမြို့နယ် နမ့်စလပ်နဲ့ စယ်အူကျေးရွာမှာ လှုပ်ရှားနေတဲ့ SSPP/SSA စစ်ကြောင်းတွေကို MNDAA ဘက်က မတ် ၂၆ ညနေ ၃ နာရီကျော်မှာ လိုက်လံတိုက်ခိုက်တဲ့အတွက် စယ်အူအုပ်စု ကုန်းညောင်ရွာအနီးမှာ ၁၀ မိနစ်ကြာ နှစ်ဘက်ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။
မတ် ၂၇ မနက် ၉ နာရီမှာလည်း MNDAA အင်အား ၂၀၀ ကျော်က ပန်နားရွာလယ်ကွင်းထဲကနေ SSPP/SSA အထူးတပ်စခန်းကို ဒရုန်းနဲ့ အကြိမ် ၅၀ ကျော် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မနက် ၁၁ နာရီကျော်မှာ မြေပြင်အင်အား ၂၀၀ ကျော်နဲ့ ထိုးစစ်ဆင်တာကြောင့် နေ့လည် ၁၂ နာရီထိ နှစ်ဘက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲမှာ MNDA ရဲ့ ထိုးစစ်ကို SSPP/SSA ဘက်က ခုခံကာကွယ်တဲ့အနေနဲ့သာ ပြန်တိုက်ခဲ့ကြောင်း၊ တိုင်းရင်းသားအချင်းချင်း ပြန်သင့်မြတ်ရေး ရှေးရှုပြီး တွေ့ဆုံဆွေးနွေးနည်းနဲ့ အတတ်နိုင်ဆုံးပြဿနာဖြေရှင်းမယ်၊ လုံးဝမရမှသာ မိမိနယ်မြေတွင်းရှိ ပြည်သူတွေကို ထိပါး စော်ကားရင် SSPP/SSA အနေနဲ့ ထိထိရောက်ရောက် တုံ့ပြန်မယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး MNDAA ပြောခွင့်ရ လီကျားဝင်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမဲ့ မရသေးပါဘူး။