Home
မြန်မာသတင်း
ဟင်္သာတနှင့် ရေကြည်တွင်  စစ်မှုထမ်းရန် လူစုနေသည့် အုပ်ချုပ်ရေးမှူး နေအိမ်နှင့် ရုံး မီးရှို့ခံရ
DVB
·
March 28, 2024
fire 2832024

ဧရာဝတီတိုင်း၊ ဟင်္သာတနဲ့ ရေကြည်မြို့နယ်တွေမှာ အခုရက်ပိုင်းအတွင်း စစ်မှုထမ်းရွေးချယ်ရေး လုပ်နေတဲ့ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးနေအိမ်နဲ့ အုပ်ချုပ်ရေးမှူးရုံးနှစ်ရုံး မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဟင်္သာတမြို့၊ ကနောင်စုရပ်ကွက်က အုပ်ချုပ်ရေးမှူးရုံးဟာ မတ် ၂၄ ရက် ည ၈ နာရီဝန်းကျင်မှာ မီးရှို့ခံရတာဖြစ်ပြီး မတ် ၁၉ ရက်ကလည်း ဟင်္သာတမြို့နယ်၊ ဒူးယားမြို့ အုတ်ဖိုချောင်ရွာမှာ စစ်မှုထမ်းဖို့ မဲနှိုက်ရွေးချယ်နေတဲ့အချိန် အုပ်ချုပ်ရေးမှူး ဦးကျော်မိုးရဲ့ နေအိမ် မီးရှို့ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဟင်္သာတဒေသခံတဦးက “အိမ်ကော ရုံးကော စစ်မှုထမ်းဖို့ မဲနှိုက်ရွေးချယ်နေချိန်မှာ မီးရှို့ခံရတာ။ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကတော့ ရုံးရဲ့အရှေ့ပိုင်းက မျက်နှာစာလောက်ပဲ ကျန်တယ်။ အုပ်ကြီး ကျော်မိုး အိမ်က အိမ်ရှေ့မှာ စည်းဝေးပွဲလုပ်နေတဲ့အချိန်မှာ အိမ်နောက်ဖေးမှာ မီးရှို့ခံရတာ။ လူအသိမြန်တဲ့အတွက် ဆုံးရှုံးမှုတော့ နည်းသွားတာ” လို့ ပြောပါတယ်။

ရေကြည်မြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတဦးရဲ့ နေအိမ်လည်း မတ် ၁၉ ရက်က မီးကွင်းပစ်ခံရလို့ မီးလောင်ခဲ့ပြီး စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက ဝါယာရှော့ခ်ဖြစ်ပြီး မီးလောင်တာလို့ သတင်းဖြန့်နေကြောင်း ဒေသခံတွေက ဆိုပါတယ်။

ရေကြည်မြို့ခံတဦးက “ရေကြည်မှာလည်း စစ်မှုထမ်းစာရင်းတွေလုပ်နေတဲ့အိမ် မီးရှို့ခံရတာ။ တော်တော်များများ မီးလောင်ပျက်စီးသွားတာ။ ရှို့မီးပါ၊ စစ်မှုထမ်းခေါ်တာတွေမှာ အုပ်ချုပ်ရေးမှူးတွေက မျှမျှတတ မလုပ်တာနဲ့ စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်တဲ့အပေါ် မကျေနပ်လို့ အခုလိုလုပ်တာပါ” လို့ ပြောပါတယ်။

အခုလို အုပ်ချုပ်ရေးမှူးနေအိမ်နဲ့ အုပ်ချုပ်ရေးမှူးရုံးတွေကို မီးရှို့တာဟာ ဘယ်အဖွဲ့ကမှ လုပ်တာမဟုတ်ဘဲ အရပ်သား ဒေသခံတွေက မျှမျှတတမလုပ်တဲ့ အုပ်ချုပ်ရေးမှူးတွေရဲ့ လုပ်ရပ်ကို မကျေနပ်လို့ မီးရှို့နေတာလို့ ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် နည်းဥပဒေတွေမထုတ်ဘဲ ဇွတ် စစ်သားစုဆောင်းဖို့ လုပ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်နဲ့ အုပ်ချုပ်ရေးမှူးတွေကို လုပ်ခွင့်ပေးထားတာကြောင့် ပြည်သူလူထုက အုပ်ချုပ်ရေးမှူးတွေကို ရိုက်နှက်သတ်ဖြတ်တဲ့အထိ လုပ်လာနိုင်တယ်လို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024