Home
မြန်မာသတင်း
ဘီးလင်းတွင် လူနာတင်ကား ပစ်ခတ်ခံရပြီး ယာဉ်မောင်း ၁ ဦးနှင့် လူနာ ၁ ဦး ဒဏ်ရာရ
DVB
·
March 28, 2024
ambu 2832024

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကမာဆိုင်ကျေးရွာမှာ မတ် ၂၇ ရက်က လူနာတင်ကားကို လက်နက်ကိုင်အဖွဲ့တဖွဲ့က ပစ်ခတ်ခဲ့တာကြောင့် ယာဉ်မောင်း တဦးနဲ့ လူနာ တဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သထုံမြို့ကနေ ရန်ကုန်မြို့ကို လူနာပို့ဆောင်မယ့် အကြင်နာတွဲလက် လူနာတင်ကားကို မတ် ၂၇ ရက် ည ၈ နာရီခွဲကျော်က ဘီလင်းမြို့နယ်၊ ကမာဆိုင်ကျေးရွာ ကွက်သစ်နား အရောက်မှာ လက်နက်ကိုင်အဖွဲ့တဖွဲ့က မိုင်းခွဲခဲ့ပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။

ပစ်ခတ်ခံရမှုကြောင့် လူနာတင်ကားပေါ် လိုက်ပါလာတဲ့ ‌ ခြောက်ဦးထဲက ယာဉ်မောင်း အမျိုးသားဟာ တင်ပါးနဲ့ နှာခေါင်း သေနတ်ရှပ်ထိဒဏ်ရာနဲ့ ဘယ်ဘက်ရင်အုံနဲ့ မေးအောက်မှာ မိုင်းစထိမှန်ဒဏ်ရာရသွားပြီး  လူနာတဦးကတော့  ဒူးခေါင်းရှပ်ထိဒဏ်ရာ ရခဲ့ပါတယ်။

ကမာဆိုင်ရွာခံတဦးက “လူနာတင်ကားက ညက ၈ နာရီ ၄၅ မိနစ်လောက်မှာ ကွက်သစ်နားမှာ မိုင်းခွဲခံရပြီး အပစ်ခံလိုက်ရတာ။ ပထမမိုင်းကွဲပြီး ကားကို သေနတ်နဲ့ ဝိုင်းပစ်တာ။ မိုင်းအားက ပြင်းလား မပြင်းလားတော့ မသိဘူး၊ ဘေးနားက ဓာတ်တိုင်တောင် ထက်ပိုင်းပြတ်တယ်။ ညဘက် အန္တရာယ်ရှိနေတာကို သိပေမဲ့ လူနာအသက်ရှင်ရေးကို ကြည့်ပြီး ပို့‌ဆောင်နေတဲ့ ပရဟိတသမားတွေက ကိုယ်ချင်းစာပါတယ်။ လူနာပါလာတဲ့ လူနာတင်ကားတွေကို ဘယ်ဘက်ကမဆို မပစ်သင့်ဘဲ ရှောင်သင့်တယ်လို့ ထင်တယ်” လို့ ပြောပါတယ်။

မိုင်းခွဲခံရတာ၊ လက်နက်ငယ်နဲ့ ပစ်ခတ်ခံရတာကြောင့် လူနာတင်ကားဟာ ကားမှန်တွေ ကွဲသွားတဲ့အပြင် အရှေ့နဲ့ နောက်ညာဘက်ဘီးတွေ အပါအဝင် ကားညာဘက်တခုလုံးနဲ့ ကားရေတိုင်ကီတို့ ပျက်စီးခဲ့ပါတယ်။

သထုံအခြေစိုက် အကြင်နာတွဲလက်အသင်းကား အပစ်ခံရပြီးတဲ့နောက် အရေးပေါ်မဟုတ်တဲ့ လူနာတွေကို ညဘက်ပို့ဆောင်တာကို ရပ်နားခဲ့ပေမဲ့ အရေးပေါ်လူနာတွေကို အသက်အန္တရာယ်နဲ့ရင်းပြီး ပို့သွားမှာဖြစ်တယ်လို့ အကြင်နာတွဲလက်အသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒဏ်ရာရရှိတဲ့ ယာဉ်မောင်းနဲ့ လူနာတို့ကို အကြင်နာတွဲလက်အသင်းကပဲ သထုံဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်။

လူနာတင်ကား ပစ်ခတ်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကော တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေပါ ထုတ်ပြန်ထားတာ မရှိတဲ့အတွက် ဘယ်အဖွဲ့က  ဘာကြောင့် လုပ်ဆောင်ခဲ့တယ်ဆိုတာ မသိရ သေးပါဘူး။

ဘီလင်းမြို့၊ ဝင်းပြန်ကျေးရွာအနီးမှာ ၂၀၂၃ ခုနှစ် ဩဂုတ် ၂၉ ရက်ကလည်း တောင်တန်းမေတ္တာ လူနာတင်ကား လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခံရပြီး  လူနာအမျိုးသမီး ဒဏ်ရာရရှိခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013