တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ မတ် ၂၇ ရက် တော်လှန်ရေးနေ့ အခမ်းအနား လုံခြုံရေးအတွက် ကင်းယူနေတဲ့ စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်တာကြောင့် နှစ်ယောက်သေဆုံးပြီး ဒဏ်ရာရရှိသူတွေလည်း ရှိတယ်လို့ ဗထူးတပ်မတော်ဆီက သိရပါတယ်။
ထားဝယ်မြို့နယ် ဇဟာကျေးရွာရှိ ဇဟာအမြောက်တပ် ၃၀၂ က စစ်ကောင်စီတပ်သားတွေဟာ မတ် ၂၇ ရက် ညနေ ၅ နာရီခွဲက ဇဟာကျေးရွာလမ်းမကြီးကိုပိတ်ပြီး တော်လှန်ရေးနေ့ အခမ်းအနားအတွက် လုံခြုံရေးကင်းယူနေတဲ့အချိန် တော်လှန်ရေးတပ်ဖွဲ့တွေက လက်နက်ငယ်၊ ၄၀ မမတွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဗထူးတပ်မတော်တာဝန်ရှိသူတဦးက ပြောပါတယ်။
"လမ်းမကြီးပိတ်ပြီး ကင်းယူဖို့လုပ်နေတဲ့အချိန် လမ်းမပေါ်မှာပဲဝင်ပစ်ခဲ့တာပါ။ မျက်မြင် နှစ်ကောင် သေပြီး ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်။ အပြန်အလှန်ပစ်ခတ်ခဲ့ရတော့ လက်နက်က ဝင်ကောက်လို့ မရခဲ့ဘူး။ ကျနော်တို့က အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့တယ်။"
တိုက်ခိုက်မှုကို ဗထူးတပ်မတော် (BHA) နဲ့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPDF) တို့က ပူပေါင်းပြုလုပ်ခဲ့တာပါ။
ထားဝယ်ခရိုင်အတွင်းမှာ အချိန်မရွေး၊ နေရာမရွေး တိုက်ပွဲဖြစ်လာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ရေးသတိနဲ့ ဖြတ်သန်းသွားလာကြဖို့ ဗထူးတပ်မတော်တာဝန်ရှိသူက ပြောပါတယ်။
စစ်ကောင်စီရဲ့ လက်ကိုင်တုတ်တွေဖြစ်တဲ့ ပျူစောထီးတွေ၊ ပြည်သူ့စစ်အဖွဲ့ဝင်တွေ၊ စစ်ကောင်စီ လက်အောက်ခံအဖွဲ့တွေအနေနဲ့ စစ်ကောင်စီကို ဆန့်ကျင်ပြီး ပြည်သူ့ရင်ခွင်ကို အမြန်ဆုံးခိုလှုံကြဖို့လည်း ဗထူးတပ်မတော်က တိုက်တွန်းထုတ်ပြန်ခဲ့ပါတယ်။
ထားဝယ်ခရိုင်အတွင်းရှိ ရေး-ထားဝယ်လမ်းမကို ည ၈ နာရီမှ မနက် ၆ နာရီအတွင်း အသုံးမပြုဖို့ ဗထူးတပ်မတော်က မတ် ၂၂ ရက်မှာ သတိပေးထုတ်ပြန်ထားပါတယ်။