ပြီးခဲ့တဲ့နွေရာသီတုန်းက ပေါင် ၅၆ သန်းနဲ့ ဝယ်ယူခဲ့တဲ့ ကွင်းလယ်လူ လာဗီယာဟာ ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရတော့မှာ ဖြစ်တယ်လို့ ချဲလ်ဆီးအသင်းက အတည်ပြု ထုတ်ပြန်သွားပါတယ်။
အသက် ၂၀ ပဲ ရှိသေးတဲ့ ဘယ်လ်ဂျီယံ ကွင်းလယ်ကစားသမားဟာ ချဲလ်ဆီးအသင်းအတွက် ၃၂ မိနစ်သာ လူစားဝင်ကစားခဲ့ရပြီး ဒဏ်ရာပြဿနာတွေကြောင့် ရုန်းကန်ခဲ့ရတာပါ။
၃၂ မိနစ်သာ အသုံးပြုခဲ့ရတာကြောင့် လာဗီယာအတွက် တမိနစ် ကစားချိန်ကို ပေါင် ၁ ဒသမ ၈ သန်းထိ ချဲလ်ဆီးဘက်က ပေးချေရတဲ့ အခြေအနေဖြစ်ခဲ့တာပါ။
ခြေကျင်းဝတ်ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာပေမဲ့ ပေါင်ခြံဒဏ်ရာထပ်မံရရှိခဲ့တာကြောင့် ရာသီကုန်တဲ့အထိ အနားယူရဖို့ဖြစ်လာခဲ့တာပါ။
လာဗီယာဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ လီဗာပူးရဲ့ ကမ်းလှမ်းချက်ကို ပယ်ချပြီး ချဲလ်ဆီးအသင်းဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့သူ ဖြစ်ပါတယ်။
Photo-Action Images via Reuters