ဖက်ဆစ်တော်လှန်ရေးနေ့မှာ အာဏာသိမ်းစစ်ခေါင်းဆောင်က ရုရှား စစ်ဘက်ဆိုင်ရာ အရာရှိ ၂၇ ဦးကို စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်တွေ ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
ခေတ်မီတပ်မတော် တည်ဆောက်နိုင်ဖို့ စွမ်းစွမ်းတမံ ဆောင်ရွက်ပေးခဲ့ကြလို့ဆိုပြီး ရုရှားစစ်ဘက်အရာရှိ ၁၅ ဦးကို သီရိသီဟကျော်တံဆိပ် ပေးအပ်ခဲ့ပြီး နောက် ၁၂ ဦးကိုတော့ သီရိသူရကျော်တံဆိပ် ပေးခဲ့တာပါ။
အခုလို ဂုဏ်ထူးဆောင်ပေးအပ်ခံရတဲ့အထဲမှာ မြန်မာနိုင်ငံကိုလာရောက်ပြီး နှစ်နိုင်ငံ ရေတပ်လေ့ကျင့်ရေး လာရောက်လုပ်ဆောင်ခဲ့တဲ့ ရုရှားရေတပ်ဦးစီးချုပ်လည်း ပါဝင်သလို ဒုဗိုလ်ချုပ်ကြီးကနေ ဗိုလ်မှူးကြီးစတဲ့ ရာထူးအဆင့်ဆင့် ပုဂ္ဂိုလ်တွေလည်း ပါဝင်နေပါတယ်။
နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနဲ့ နိုင်ငံတကာစစ်ဘက်ပူးပေါင်းဆောင်ရွက်မှုတွေအတွက် ဘွဲ့တံဆိပ်တွေကို ပေးအပ်နိုင်ဖို့ကို ၂၀၀၉ ခုနှစ် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆိပ်များဆိုင်ရာ ပြဋ္ဌာန်းချက်မှာ အာဏာသိမ်းစစ်တပ်က အခုနှစ် မတ်လက ပြင်ဆင် ဖြည့်စွက်ခဲ့တာပါ။
Photo-DSINFO