ရန်ကုန်၊ ဘုရင့်နောင်ဆိပ်ကမ်းမှနေ စစ်တွေကိုသွားမယ့် အမ်ဗွီ စိန်ပြည့်မင်း ကုန်သင်္ဘောပေါ်ကနေ ငွေကျပ် တစ်ဘီလီယံတန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေကို ဂေါ်ဇီလာဆပ်ပြာတွေ ထုပ်ပိုးထားတဲ့ ကတ္တူဖာတွေထဲကနေ ဖမ်းဆီးရရှိခဲ့တယ်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပြန်လိုက်ပါတယ်။
ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးတွေဟာ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ပို့ဆောင်မယ့် မူးယစ်ဆေးတွေဖြစ်ပြီး ရက္ခိုင့်တပ်တော် (AA) နဲ့ ဆက်နွှယ်နေတယ်လို့ စစ်ကောင်စီပိုင် မီဒီယာတွေမှာ ဖော်ပြပါတယ်။
စစ်တွေမြို့နေ AA အဖွဲ့ ထောက်ပံ့ရေးတာဝန်ခံ တရားခံပြေး သန့်ဇင်ဦးက ဘူးသီးတောင်မြို့နေ AA အဖွဲ့ ထောက်ပံ့ရေးတာဝန်ခံ တရားခံပြေး မေယုထွန်းနဲ့ ချိတ်ဆက်ပြီး မူးယစ်ဆေးဝါးတွေကို ရန်ကုန်ကနေ စစ်တွေနဲ့ ဘူးသီးတောင်မြို့တွေကိုပို့ဆောင်တာလို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။
ဘုရင့်နောင်ဆိပ်ကမ်းက ကုန်သင်္ဘောပေါ်မှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးပိုင်ရှင်တွေဟာ ရန်ကုန်မြို့ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ စက်မှု(၅)လမ်း၊ အိမ်အမှတ် (၃၀၁)မှ ဦးထွန်းသိန်းအောင်နဲ့ ဒေါ်စုမြတ်ဝေတို့ရဲ့ မူးယစ်ဆေးတွေဖြစ်ပြီးတော့ သူတို့နှစ်ဦးကိုပါ ဖမ်းဆီးထားတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင်စစ်ကောင်စီဟာ အမ်ဗွီစိန်ပြည့်မင်းသင်္ဘောရဲ့ပိုင်ရှင်နဲ့ သင်္ဘောသား ခြောက်ဦးတို့ကိုပါ စစ်ဆေးမေးမြန်းဖို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးတော့ ဘယ်နေရာကို ဖမ်းဆီးသွားလဲဆိုတာ အခုထိ မသိရသေးဘူးလို့ ဘုရင့်နောင်ကနေ ရခိုင်ကို ကုန်စည်ပို့ဆောင်ပေးနေတဲ့ နီးစပ်ရာ အသိုင်းအဝိုင်းတွေဆီက သိရပါတယ်။
နီးစပ်သူတဦးက "မူးယစ်ဆေးရှိတယ်ဆိုပြီးတော့ ထောက်လှမ်းရေးတွေဘက်ကနေ နာမည်နဲ့တကွ လာပြီးတော့ သင်္ဘောကိုလာပြီးစစ်တယ်။ အဲနေ့မှာပဲ ရဲကားတွေ၊ စစ်ကားတွေလာပြီးတော့ သင်္ဘောက ကုန်အားလုံးချခိုင်းတယ်။ မူးယစ်ဆေးတွေတော့တွေ့တယ်၊ ဘယ်သူပိုင်ရှင်လဲတော့မသိရဘူး။ သင်္ဘောပေါ် မူးယစ်ဆေးတွေ့တဲ့နောက် မနက် ၃ နာရီလောက်မှာပဲ သင်္ဘောပိုင်ရှင်ပါ သင်္ဘောသား ခြောက်ဦးကိုပါ စစ်ဆေးမယ်ဆိုပြီး ခေါ်သွားတယ်”လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ စွပ်စွဲချက်ကို ရက္ခိုင့်တပ်တော်ဘက်က ငြင်းဆိုထားပြီးတော့ ရခိုင်ပြည်ကို သွားမယ့် ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းကို နယ်လုံရဲ့ ခွင့်ပြုချက်ရမှသာ သွားရတာ ဖြစ်ကာ စစ်ကောင်စီကနေ ရခိုင်ပြည်ထဲက ကုန်သွယ်ရေးလမ်းကြောင်းပိတ်ထားတဲ့အပြင် လက်ရှိသင်္ဘောမှာလည်း စစ်ကောင်စီထိန်းချုပ်ထားတဲ့ သင်္ဘောဖြစ်တယ်လို့ဆိုပါတယ်။
မြေပြင်ပကတိအခြေအနေနဲ့ ကင်းကွာနေပြီးတော့ ဒါဟာ စစ်ကောင်စီရဲ့ နိုင်ငံရေး အောက်လမ်းနည်းတွေနဲ့ တိုက်ခိုက်သာတာဖြစ်တယ်လို့ AA က တုံ့ပြန်ပါတယ်။
မောင်တောမြို့နယ်က တောင်ပြိုလက်ဝဲ၊ လက်ယာတိုက်ပွဲတွင်းမှာ စစ်ကောင်စီရဲ့ နယ်စပ် တပ်စခန်းတွေကနေ ဘင်္ဂလားဒေ့ရှ် ငွေကြေး တာကာ ၁၃ သန်း တန်ဖိုးရှိ မူးယစ်ဆေးတွေနဲ့ လက်နက်တွေကိုပါ သိမ်းဆည်းရမိတယ်လို့ AA က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်ကစပြီးတော့ ရခိုင်ပြည်နယ်တိုက်ပွဲတွေကြောင့် စစ်ကောင်စီဟာ ရန်ကုန်မှနေ ရခိုင်ပြည်နယ်ကို ကူးသန်းနေတဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေအားလုံးကို ပိတ်ပင်လိုက်သလို စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ လေကြောင်းနဲ့ ရေကြောင်းတွေကနေ လူ၊ လက်နက်အင်အားဖြည့်တင်းနေပါတယ်။
ရခိုင်ပြည်နယ်တိုက်ပွဲတွေမှာ စစ်ရေးအရ အရေးနိမ့်နေတဲ့ စစ်ကောင်စီဟာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်အောင် လှုံ့ဆော်မှုတွေအပါအဝင်၊ ရက္ခိုင့်တပ်တော်ကိုပါ မူးယစ်ဆေးနဲ့ ဆက်စပ်နေတဲ့ အဖွဲ့အစည်းဖြစ်တယ်လို့ ရေးသားပြီး စစ်ကောင်စီပိုင် သတင်းမီဒီယာတွေကနေ ဝါဒဖြန့်နေပါတယ်။