Home
မြန်မာသတင်း
လီဆူပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းကို စစ်ကောင်စီက ရဲဗလဘွဲ့ပေး
DVB
·
March 27, 2024
lie 2732024

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အောင်မြေသစ်ကျေးရွာမှာ KIA တပ်က ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးခဲ့တဲ့ လီဆူပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းကို စစ်ကောင်စီက မတ် ၂၇ ရက်မှာ ရဲဗလဘွဲ့တံဆိပ် ပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

စစ်ကောင်စီက ဒီနေ့ ထုတ်ပြန်ကြေညာတဲ့ အမိန့်ကြေညာစာအမှတ်၆၃/၂၀၂၄ မှာ သူရဘွဲ့ရရှိသူ သုံးယောက်၊ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ လေးယောက်၊ ရဲသူရဘွဲ့ရသူတစ်ယောက်၊ ရဲဗလဘွဲ့ရရှိသူ ၄၀ စုစုပေါင်း ၄၈ ယောက်ပါဝင်ပြီး ကချင်ပြည်နယ် ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းကတော့ ရဲဗလဘွဲ့ရှိခဲ့တာပါ။

ဒီဆုကို ပြည်သူ့စစ်ခေါင်းဆောင်အများစုရရှိပြီး ရွှေဘိုနယ်မှာ နာမည်ကြီးခဲ့တဲ့ မြင်းစီးကျေးရွာက ပြည်သူ့စစ်ခေါင်းဆောင် ဦးဌေးအောင်လည်း ၂၀၂၂ ခုနှစ် ဧပြီလမှာ ရဲဗလဘွဲ့ရရှိခဲ့ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှာ သေဆုံးခဲ့တယ်လို့ ပြည်သူ့စစ်အဖွဲ့ဝင်တဦးက ပြောပါတယ်။

"ပြည်သူ့စစ်ထဲမှာ တကယ်တိုက်ရဲ သေရဲတဲ့သူတွေလည်းရှိတယ်။ စစ်တပ်နဲ့ပတ်သက်ပြီး သတင်းပေးလုပ်၊ လူကြီးနားပေါက်မှ ဒီဆုကရတာ။ သေတာတောင် ဆုက ခွဲခြားပြီးပေးတာ။ ဒီဆုရတဲ့သူတွေက သေတာများတယ်။" 

ဝိုင်းမော်မြို့နယ် အောင်မြေသစ်ကျေးရွာ အင်လုံခတံတားအနီးမှာ မတ် ၇ ရက် မနက်က လီဆူပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်း စီးလာတဲ့ယာဥ်ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးခဲ့တာပါ။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  ၂၀၂၁ ခု နိုဝင်ဘာ ၁ ရက်ကလည်း ဝိုင်းမော်မြို့မှာ လီဆူပြည်သူ့စစ်ဖွဲ့စည်းပေးခဲ့တဲ့  ဦးရွှေမင်းကို  သီရိပျံချီဘွဲ့ကို ပေးခဲ့ပါတယ်။

ဦးရွှေမင်းဟာ ၂၀၁၃ ခုနှစ်မှာ လီဆူအမျိုးသားတိုးတက်ဖွံ့ဖြိုးရေးပါတီ (LNUDP) ကို တည်ထောင်ခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ ကချင်၊ ရှမ်း၊ ကရင်နီနဲ့ မန္တလေးတို့မှာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ တနေရာမှအနိုင်မရခဲ့ပါဘူး။

၂၀၂၀ ရွေးကောက်ပွဲမှာ လီဆူအမျိုးသားတိုးတက်ဖွံ့ဖြိုးရေးပါတီက ဥက္ကဋ္ဌ ဦးရွှေမင်းကိုယ်တိုင် လီဆူတိုင်ရင်းသားရေးရာဝန်ကြီးနေရာကို ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး အနိူင်ရရှိခဲ့ပေမဲ့ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် ဝန်ကြီးမဖြစ်ခဲ့ပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013