ပါကစ္စတန် အနောက်မြောက်ပိုင်းက ဆည်စီမံကိန်းတခုမှာ အလုပ်လုပ်နေတဲ့ တရုတ်အင်ဂျင်နီယာတွေပါတဲ့ ယာဉ်တန်းကို မတ် ၂၆ ရက်မှာ အသေခံ ဗုံးခွဲသမားတယောက်က ကားနဲ့ ဝင်တိုက်ခဲ့တာကြောင့် လူ ခြောက်ယောက် သေဆုံးခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။
ဒါဟာ ပါကစ္စတန်မှာ တရုတ်ရဲ့ အကျိုးစီးပွားကို သီတင်းတပတ်အတွင်း ၃ ကြိမ်မြောက် အကြီးစား တိုက်ခိုက်မှုပါ။
ပထမ တိုက်ခိုက်မှု ၂ ရပ်က ပါကစ္စတန် အနောက်တောင်ဘက် ဘာလိုချီစတန်ပြည်နယ်မှာ တရုတ်တွေသုံးနေတဲ့ ဗျူဟာမြောက်ဆိပ်ကမ်းနဲ့ ရေတပ်ရဲ့ လေတပ်စခန်းတို့ ဖြစ်ပါတယ်။
တရုတ်ဟာ ပါကစ္စတန်နိုင်ငံအတွင်း အခြေခံအဆောက်အဦစီမံကိန်းတွေမှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံထားပါတယ်။
အခုအကြိမ်မှာ အင်ဂျင်နီယာတွေက ခီဘာ ပတ်ရှ်တွန်ခွါပြည်နယ် ဒါစုမြို့က ဆည်ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ချထားတဲ့ သူတို့စခန်းဆီ အစ္စလာမ်မာဘတ် မြို့ကနေ ပြန်လာတဲ့လမ်းမှာ တိုက်ခိုက်ခံရတာလို့ ဒေသန္တရ ရဲမှူး မိုဟမ်မဒ် အလီ ဂန်ဒါပူက ပြောပါတယ်။
တရုတ်အစိုးရဟာ ခေတ်သစ်ပိုးလမ်းစီမံကိန်းရဲ့ အစိတ်အပိုင်းအဖြစ် တရုတ်ပါကစ္စတန် စီးပွားရေး စင်္ကြန်ရဲ့ တစိတ်တပိုင်းအနေနဲ့ အခြေခံအဆောက်အဦ တည်ဆောက်ရေး လုပ်ငန်းတွေအတွက် အမေရိကန်ဒေါ်လာ ၆၅ ဘီလီယံဖိုး ရင်းနှီးမြှုပ်နှံထားပြီး ပါကစ္စတန်နိုင်ငံထဲမှာ စီမံကိန်းတချို့ကို ဆောင်ရွက်နေပါတယ်။
Source/Photo-Reuters