အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျယ်လိစ်မြို့မှာ ဒေသအချိန် မတ် ၂၄ ရက်ကကျင်းပတဲ့ သတ္တိနဲ့ ပွင့်လန်းချစ်သောပန်းများ ရုပ်ရှင်ဇာတ်လမ်းတိုပြပွဲကနေ တော်လှန်ရေး ရန်ပုံငွေဒေါ်လာ ၃၆၀၀၀ ကျော်ရရှိခဲ့ပါတယ်။
သတ္တိနဲ့ပွင့်လန်းချစ်သောပန်းများ အနုပညာလှုပ်ရှားမှုရဲ့ နောက်ထပ်အစီအစဉ်အဖြစ် Artists’ Shelter ကစီစဉ်ပြီး တော်လှန်အနုပညာရှင်၊ အတတ်ပညာရှင်တွေဖန်တီးထားတဲ့ ရုပ်ရှင်ဇာတ်လမ်းတိုတွေကို ပြသခဲ့တာမှာ လော့စ်အိန်ဂျယ်လိစ်မြို့နဲ့ အနီးဝန်းကျင်က ပရိသတ် ၅၀၀ ကျော် တက်ရောက်အားပေးခဲ့ကြ ပါတယ်။
ရုပ်ရှင်ဇာတ်လမ်းတိုပြပွဲမှာ Together ၊ ငါတို့မှာ ငါတို့ပဲရှိတယ်၊ The Unknown Infinity ၊ Guilt စတဲ့ ရုပ်ရှင်ဇာတ်လမ်းတို ၄ ခုကိုပြသခဲ့ပြီး အနုပညာနဲ့ ခေတ်ပြိုင်တော်လှန်ရေးအတွေ့အကြုံများကို အခြေခံထားတာ ဖြစ်ပါတယ်။
သတ္တိနဲ့ပွင့်လန်းချစ်သောပန်းများ Acoustic Music Concert ကိုအွန်လိုင်းက တဆင့်ပြုလုပ်ခဲ့ပြီးနောက် တော်လှန်ရေးရန်ပုံငွေ ပိုမိုရရှိရေးအတွက် ရုပ်ရှင်ဇာတ်လမ်းတိုတွေကို နိုင်ငံတကာမှာ ဆက်လက်ပြသပြီး ရန်ပုံငွေရရှိဖို့ ပြည်ပရောက်အနုပညာရှင်တွေစုစည်းထားတဲ့ Artists' Shelter က ကြိုးစားနေတာဖြစ်ပါတယ်။