ဆွစ်ဇာလန်နိုင်ငံ ဘန်းမြို့က လာမယ့်လတွေမှာ အဆင့်မြင့် ယူကရိန်းငြိမ်းချမ်းရေးညီလာခံကို လက်ခံကျင်းပဖို့ စီစဉ်ထားတယ်လို့ ပြောကြားလိုက်ပြီး ဂျီနီဗာရှိ အဆင့်မြင့် သံတမန်ကတော့ ဒီအကြံဉာဏ်ကို ရုရှားက ပယ်ချထားပြီး မော်စကိုက ဒီပွဲကို တက်ရောက်မှာမဟုတ်ကြောင်း မတ် ၂၆ ရက်မှာ ပြောကြားထားပါတယ်။
လောလောဆယ်မှာ ဆွစ်ဇာလန်က ဦးဆောင်ပြီးတော့ တခုခုကို စည်းရုံးနိုင်မယ့် အလားအလာ မတွေ့ရသေးဘူးလို့လည်း ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂဆိုင်ရာ ရုရှားအမြဲတမ်းကိုယ်စားလှယ် ဂျန်နက်ဒီ ဂက်တီလို့ဗ် က ပြောကြားခဲ့ပါတယ်။
ဆွစ်ဇာလန်က ရုရှားအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှု အစီအစဥ်အားလုံးမှာ ပါဝင်နေတာ ကြောင့် ဘန်းန်ဟာ သူ့ရဲ့ကြားနေမှုကို စွန့်လွှတ်ခဲ့ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဆွဇ်ဇာလန်ရဲ့ကြိုးပမ်းမှုမှာ မော်စကို ပါဝင်မှု မရှိဘဲ အောင်မြင်မယ့်ပုံ မရှိဘူးလို့လည်း ယူကရိန်းကို ၂ နှစ်ကျော်ကြာ ကျူးကျော်စစ်တိုက်နေတဲ့ ရုရှားက ပြောပါတယ်။
ဆွစ်ဇာလန်နိုင်ငံဟာ မော်စကိုရဲ့ ယူကရိန်းကို ကျူးကျော်ဝင်ရောက်မှုနဲ့ပတ်သက်ပြီး ရုရှားအပေါ် ဥရောပသမဂ္ဂရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို လိုက်နာလုပ်ဆောင်ခဲ့ပြီး ရုရှားနိုင်ငံသားတွေ ပိုင်ဆိုင်တဲ့ ဆွစ်ဖရန့်ငွေ ၇ ဒသမ ၇ ဘီလီယံ (ဒေါ်လာ ၈.၅၃ ဘီလီယံ) လောက်ကို ပိတ်ဆို့ထားတယ်လို့ ဂက်တီလို့ဗ်က ပြောဆိုပါတယ်။
ဆွစ်ဇာလန်ဟာ BRICS နိုင်ငံများ၊ အာရပ်နိုင်ငံများနဲ့ ကမ္ဘာ့တောင်ခြမ်း နိုင်ငံများကို ဖိတ်ကြားဖို့ ကြိုးပမ်းနေတယ်လို့ ဆွစ်ဇာလန်သမ္မတ ဗီအိုလာ အမ်းဟာ့ဒ်က ပြီးခဲ့တဲ့လမှာ ပြောကြားခဲ့ပါတယ်။
တရုတ်ကတော့ ပါဝင်ဖို့ စဉ်းစားမယ်လို့ ပြောပါတယ်။ ရုရှား ကုလသံတမန် ဂက်တီလို့ဗ် ကတော့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇီလန်စကီး ရဲ့ ငြိမ်းချမ်းရေးဖော်မြူလာကို ထောက်ခံအားပေးမယ့် နိုင်ငံတွေကို ရရှိအောင် ဖန်တီးထားတာလို့ ပြောပါတယ်။
အဲဒီငြိမ်းချမ်းရေးဖော်မြူလာကို ရုရှားက လက်မခံဘူးလို့ ပြောထားပြီးသား ဖြစ်ပါတယ်။
Source/Photo-Reuters