မကွေးတိုင်း ၊ပခုက္ကူမြို့နယ်၊ ကမ္မမြို့ပေါ်က အမှတ် ၁၂ ရပ်ကွက်ကို မတ် ၂၆ ရက် ညနေ ၄ နာရီခွဲလောက်က စတင်ပြီး စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သိရပါတယ်။
ပခုက္ကူမြို့ကနေ ယောနဲ့ချင်းဘက်ကို ကားနဲ့တက်လာတဲ့ စစ်ကြောင်းက ကမ္မမြို့ အမှတ် ၁၂ ရပ်ကွက် ခေါ် ဂျိုးပျံရွာကို ဖြတ်သွားချိန်မှာ နေအိမ်တွေကို မီးရှို့ခဲ့တာလို့ ပခုက္ကူမြို့နယ် ပအဖ အဖွဲ့ ဝင်က ပြောပါတယ်။
"စစ်ကားတွေက တချို့တဝက်ပဲ ချင်းနဲ့ ယောဘက်တက်သွားပြီးတော့၊ တချို့စစ်ကားတွေက ဂျိုးပျံရွာနားမှာ ရှိသေးတယ်၊ နေအိမ်တွေကလည်း ညနေ ၄ ခွဲလောက်ကနေ ၆ နာရီအထိ လောင်နေတယ်၊ ထရန်စဖော်မာအိုးလည်း မီးလောင်သွားတယ်လို့ ကနဦးသိရတယ်"လို့ ပြောပါတယ်။
ကမ္မမြို့ အမှတ် ၁၂ ရပ်ကွက်က ဒေသခံတွေကတော့ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ကောင်စီ တပ်သားတွေရှိနေသေးလို့ နေအိမ်မီးလောင်ပျက်စီးမှု အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။