ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ နန့်မွန်းမြို့နယ်မှာ မတ် ၂၆ မနက်ပိုင်းက စစ်မှုထမ်းဖို့ လူငယ်တွေကို ခြိမ်းခြောက်နေတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံထံက သိရပါတယ်။
နတ်ကြီးကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဌေးအောင်ဟာ နန့်မွန်းဈေးသို့သွားစဉ် အမည်မသိသေနတ်သမားက သေနတ်နဲ့ ပစ်သတ်သွားတာဖြစ်ပြီး ညာမျက်လုံးအောက် ကျည်ထိမှန် ဒဏ်ရာနဲ့ သေဆုံးသွားတာလို့ဆိုပါတယ်။
ဒေသခံတဦးက “မနက် အစောကြီး နန့်မွန်းဈေးကို သွားတုန်း အပစ်ခံရတာ။ မျက်နှာကို ကပ်ပစ်သွားတယ်။ ပွဲချင်းပြီးပဲ။ ဘယ်သူပစ်တာလဲတော့မသိရဘူး”လို့ ပြောပါတယ်။
ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးဌေးအောင်ဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေ အကောင်အထည်ဖေါ်ရာမှာ ဒေသခံလူငယ်တွေကို စစ်မှုထမ်းဖို့ ခြိမ်းခြောက်နေသူ တဦးဖြစ်တယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။
ဖေဖေါ်ဝါရီ ၈ ရက်ကလည်း အင်းသာကျေးရွာနဲ့ ဟဲပါးကျေးရွာအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ကားတစီးကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်က စစ်ဆေးဖို့ ရပ်တန့်ခိုင်းရာ မောင်းပြေးသွားလို့ သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင်တဦး သေဆုံးခဲ့ပါတယ်။
Photo cj