မော်စကိုမြို့ ဆင်ခြေဖုံးရှိ ခရိုးကပ်စ် မြို့တော်ခန်းမမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးသူဦးရေဟာ ၁၃၉ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီ အကြီးအကဲ အလက်ဇန်ဒါဘက်စ်ထရီကင်န်က တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။
ကော်မတီရဲ့ စုံစမ်းစစ်ဆေးမှုမှာ ပဏာမတွေ့ရှိချက်တွေအရ အကြမ်းဖက်တိုက်ခိုက်မှုကို ဂရုတစိုက်နဲ့ စနစ်တကျ စီစဉ်ပြင်ဆင်ထားကြောင်း တွေ့ရှိခဲ့တယ်လို့ သမ္မတ ဗလာဒီမာပူတင်က ကျင်းပတဲ့ ရုရှားလုံခြုံရေးကောင်စီ အစည်းအဝေးမှာ ဘက်စ်ထရီကင်န်က ပြောပါတယ်။
တနင်္လာနေ့ အစောပိုင်းမှာ စုံစမ်းစစ်ဆေးရေး ကော်မတီက နောက်ထပ် သံသယရှိသူ သုံးဦးကို ဖမ်းဆီးဖို့ တောင်းဆိုခဲ့ပါတယ်။
အကြမ်းဖက်သမားလို့ သံသယရှိသူ သုံးဦးဟာ လက်နက်ကိုင် အကြမ်းဖက်သမားတွေကို တိုက်ခန်းတခန်းနဲ့ ကားတစီး စီစဉ်ပေးထားပြီး ငွေတွေကိုလည်း သယ်ယူပေးခဲ့ကြောင်း ဘက်စ်ထရီကင်န်က ပြောဆိုပါတယ်။
အကြမ်းဖက်တိုက်ခိုက်မှုကို အစ္စလာမ္မစ် အစွန်းရောက်တွေက လုပ်ဆောင်ခဲ့တာဖြစ်ပေမဲ့အခု ရာဇ၀တ်မှုကို ဘယ်သူက အမိန့်ပေးတယ် စသဖြင့် စိတ်ဝင်စားစရာ မေးခွန်းတွေ အများကြီး ကျန်ရှိနေဆဲဖြစ်တယ်လို့ သမ္မတ ပူတင်က အစည်းအဝေးမှာ ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ လမ်းကြောင်းအမျိုးမျိုးကနေတဆင့် ဒီသွေးထွက်သံယို အကြမ်းဖက် တိုက်ခိုက်မှုမှာ ကိယက်ဗ်နဲ့ မဆိုင်ပဲ ဒါဟာ အစ္စလာမ္မစ်နိုင်ငံတော် (ISIS) ဖြစ်တယ် ဆိုပြီး လူတိုင်းကို စည်းရုံးသိမ်းသွင်းဖို့ ကြိုးစားနေတာ လို့လည်း ဆိုပါတယ်။
ခရိုကပ်စ်မှာ ရာဇ၀တ်မှုကျူးလွန်ပြီးနောက် အကြမ်းဖက်သမားတွေဟာ ယူကရိန်းကိုသွားဖို့ ဘာကြောင့်ကြိုးစားခဲ့သလဲ ဆိုတာရယ်၊ အဲဒီမှာ ဘယ်သူက သူတို့ကို စောင့်နေသလဲ ဆိုတဲ့မေးခွန်းကို ဖြေဆိုဖို့ လိုအပ်ကြောင်းလည်း ရုရှားသမ္မတက မှတ်ချက်ပြုခဲ့ပါတယ်။
ကျူးလွန်သူတွေကို အပြစ်ပေးလိုက်ချင်တဲ့ ဆန္ဒရှိနေပေမဲ့ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးကို အမြင့်ဆုံးအတိုင်းအတာအထိ ပရော်ဖက်ရှင်နယ်ကျကျ၊ ဓမ္မဓိဋ္ဌာန်ကျကျ နိုင်ငံရေးဘက်လိုက်မှု ကင်းကင်း ဆောင်ရွက်သင့်ကြောင်းလည်း ပူတင်က ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters