Home
မြန်မာသတင်း
ထိုင်းထိပ်တန်းတက္ကသိုလ် ၃၀ ကျော်ပါဝင်သည့် ပညာရေးပြပွဲ ရန်ကုန်တွင် ကျင်းပမည်
DVB
·
March 27, 2024
edu 2732024

ထိုင်းနိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်တွေဖြစ်တဲ့ ထမာဆပ်တက္ကသိုလ်၊ မဟီဒေါတက္ကသိုလ်နဲ့ ချင်းမိုင်တက္ကသိုလ်‌တွေအပါအဝင် ကျောင်းပေါင်း ၃၀ ကျော်ပါဝင်တဲ့ ပညာရေးပြပွဲကို ရန်ကုန်မြို့မှာ ကျင်းပသွားဖို့ ရှိနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက ထုတ်ပြန်ပါတယ်။

ဒီပွဲကိုတော့ ရန်ကုန်မြို့က ဆီဒိုးနားဟိုတယ်မှာ လာမယ့် ဧပြီ ၇ ရက်မှာ ကျင်းပသွားမှာ ဖြစ်ပြီးတော့ မြန်မာကျောင်းသားတွေအနေနဲ့ သက်ဆိုင်ရာ ကျောင်းတွေအသီးသီးက တာဝန်ရှိသူတွေနဲ့ တိုက်ရိုက်တွေ့ဆုံဆွေးနွေးနိုင်မယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ တက္ကသိုလ်တွေက ဘွဲ့ရရှိထားတဲ့ မြန်မာကျောင်းသားဟောင်းများအသင်း - AMAUT က ဦးဆောင်ကျင်းပလာတဲ့ ပညာရေးပြပွဲဟာ အခုနှစ်မှာတော့ ၇ ကြိမ်မြောက် ထိ ရှိလာပြီဖြစ်ပါတယ်။

အထက်တန်း မအောင်မြင်သေးတဲ့ ကျောင်းသားတွေအတွက် foundation program တွေအကြောင်းလေ့လာလိုသူတွေ၊ HND, GED, IGCSE results တွေ ရထားပြီး ဘယ်ကျောင်းကို ရွေးချယ်ရမလဲ မသိသေးတဲ့ ကျောင်းသားတွေ၊ English test results တွေ မရှိသေးပေမဲ့ ကျောင်းလျှောက်လို့ ရမလားလို့ သိချင်နေတဲ့ ကျောင်းသားတွေ၊ ထိုင်းမှာ ခဏတက်ပြီး dual program | exchange program တွေနဲ့ တခြားနိုင်ငံကို ကူးချင်သူတွေ၊ ကိုယ်တိုင်ကျောင်းက တာဝန်ရှိသူတွေနဲ့ စကားပြောချင် လေ့လာချင်တဲ့ မိဘတွေအနေနဲ့ လာရောက် လေ့လာသင့်တယ်လို့ လည်း ဖော်ပြပါတယ်။

ဒီပြပွဲမှာတော့ တခါတည်း ကျောင်းလျှောက်လို့ရမယ့် အခွင့်အရေးတွေနဲ့ ရာနှုန်းပြည့် ပညာသင်ဆုပေးအပ်မယ့် အစီအစဉ်တွေလည်း ပါဝင်နေတာမို့ လူငယ်တွေအနေနဲ့ လာ‌ ရောက်လေ့လာနိုင်ဖို့လည်း ဖိတ်ခေါ်ထားပါတယ်။

မြန်မာ့အိမ်နီးချင်း နိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံဟာ ဒေသတွင်း နိုင်ငံတွေထဲမှာ မြန်မာကျောင်းသားတွေ ရွေးချယ်လေ့ရှိတဲ့ တက္ကသိုလ်ကျောင်းတွေ အများစုရှိနေပြီး နိုင်ငံခြားသား ကျောင်းသားတွေထဲမှာ တရုတ်နိုင်ငံပြီးရင် မြန်မာနိုင်ငံက ကျောင်းသားတွေ အများဆုံး တက်ရောက်နေကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်အာဏာသိမ်း ၃ နှစ်ကျော် ကာလတွေအတွင်း နိုင်ငံရေးမတည် ငြိမ်မှုတွေနဲ့အတူ ပညာရေးအပါအဝင် အဘက်ဘက်က ကျရှုံးနိုင်ငံအဆင့်ထိ ဦးတည်နေပြီး အခြေခံပညာ ကျောင်းတွေ၊ တက္ကသိုလ်တွေမှာ ကျောင်းသားလူငယ်တွေ ပညာသင်ကြားခွင့်တွေ ဆုံး ရှုံးနေရတာပါ။

သိပ်မကြာခင်က အာဏာသိမ်း စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်း ဥပဒေ အသက်သွင်းပြီး အဓမ္မ စစ်သားစုဆောင်းနေတာကြောင့်လည်း လူငယ်လူရွယ်တွေဟာ  ပညာသင်ကြားဖို့၊ အလုပ်လုပ်ဖို့စတဲ့ နည်းလမ်းပေါင်းစုံနဲ့ ပြည်ပကို ထွက်ခွာဖို့ ကြိုးစားနေတာတွေလည်း ပိုပြီးတော့ များလာနေပါတယ်။ 

ပြီးခဲ့တဲ့ လထဲမှာတင် ထိုင်းသံရုံးမှာ ပြည်ဝင်ခွင့် ဗီဇာလျှောက်ထားတဲ့ မြန်မာနိုင်ငံသား ၇,၀၀၀ ကျော် ရှိနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြထားပါတယ်။

ခုလတ်တလော ရန်ကုန်မှာ ပြုလုပ်မယ့် ပညာရေးပြပွဲကို စိတ်ပါဝင်စားသူတွေအနေနဲ့ ဖော်ပြပါ လင့်ခ်ကတဆင့် မှတ်ပုံတင်စာရင်းသွင်းနိုင်မှာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013