Home
မြန်မာသတင်း
ခင်ဦးမြို့နယ် တဲစုရွာက အိမ်ခြေ ၃၀ ကျော်နှင့် ရွာသား ၁ ဦးကို စစ်တပ်က မီးရှို့သတ်ဖြတ်
DVB
·
March 27, 2024
vit 2732024
vit 2 2732024
vit 1 2732024

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် တဲစုရွာ အိမ်ခြေ ၃၀ ကျော်နဲ့ ရွာသားတယောက်ကို မတ် ၂၅ ရက်မှာ စစ်ကောင်စီက သတ်ဖြတ် မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကန့်ဘလူ ဝါသဝရဲ့ ပျူတွေနဲ့ စစ်သားတွေ ပူးပေါင်းပြီး ခင်ဦးမြို့နယ်ထဲကို ဝင်လာတဲ့ စစ်ကြောင်းက အခုလို မီးရှို့သတ်ဖြတ်သွားတာလို့ ခင်ဦးတိုက်နယ် ၃ ပကဖ ဒုတာဝန်ရှိသူက ပြောပါတယ်။

“တိုက်ပွဲကတော့ မတ် ၂၅ ရက်‌ နေ့ခင်းပိုင်းကတော့ ဖြစ်သေးတယ်။ ဒီရွာနားလေးတော့ တိုက်ပွဲမဖြစ်ဘူးရယ်။ သူတို့ ရှို့ချင်လို့ကို ရွာကို မီးရှို့တာ။ စစ်ကြောင်းလာကတည်းက ခင်ဦးနယ် ၅ ရွာလောက် မီးရှို့မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေတယ်။ ဒေသခံတွေလည်း စစ်ကောင်စီစစ်ကြောင်းနဲ့ ဘေးလွတ်ရာ နေကြဖို့ပဲ မှာချင်ပါတယ်။” 

အသတ်ခံရတဲ့ ရွာသားရဲ့အလောင်းကိုတော့ စစ်ကောင်စီတပ်တွေ ထွက်သွားပြီး မတ် ၂၆ ရက် ညနေ ၅ နာရီမှ ရွာသားတွေ တွေ့ရှိခဲ့တာလို့ ဒေသခံတယောက်က ပြောပါတယ်။

“ကျနော်တို့ တဲစုရွာကိုတော့ မတ်လ ၂၅ ရက်နေ့ ညနေ ၅ နာရီ ၅၅ မိနစ်မှာ ရွာထဲပစ်ခတ်ဝင်လာတယ်။ ရွာက လူငယ်တွေနဲ့ ပြေးနိုင်၊ လွှားနိုင်တဲ့သူတွေကတော့ အကုန်စစ် ကြောင်းလွတ်ရာကို ရှောင်နိုင်တယ်။ အဘိုးအို၊ အဘွားအိုနဲ့ ကျန်မာရေးမကောင်းသူတွေကတော့ ရွာတောင်ပိုင်းမှာရှိတဲ့ ဘုန်းကြီးကျောင်းထဲနေကြတာပေါ့။ အခုအသတ်ခံရတဲ့သူကတော့ အဲဒီဘုန်းကြီးကျောင်း အနောက်ဘက် နှစ်အိမ်ကျော်က ကိုစိုးလှိုင် အသက် ၅၀  ကျော်ကို သတ်ဖြတ်ထားခဲ့ကြတာ။ သတ်တာက လည်ပင်ကိုလှီးပြီး ကောက်ရိုးဖုံးပြီး စောင်နဲ့အုပ်ကာ မီးရှို့သတ်ထားခဲ့တာပါ။ အလောင်းကို မတ်လ ၂၆ ရက်နေ့ ညနေပိုင်းမှာ တွေ့ခဲ့ရတယ်ဗျ။ ရွာကိုလည်း ညပိုင်း ၆ နာရီကျော်မှာ မီးစရှို့ခဲ့တယ်။ မီးရှို့လို့ လူနေအိမ် ၃၀ ကျာ် မီး လောင်ဆုံးရှုံးခဲ့ရတယ်” လို့ ပြောပါတယ်။

တဲစုရွာဟာအိမ်ခြေ ၅၀၀ ကျော်ရှိပြီး စစ်ကောင်စီအထိုင်ချရာ ပျဉ်ထောင်ပျူရွာနဲ့ မီတာ ၂၀၀၀ ခန့်သာ ဝေးတဲ့ ကျေးရွာဖြစ်တယ်လို့လည်း သိရပါတယ်။

အခုလို ခင်ဦးနယ်အတွင်း စစ်ကြောင်းဝင်ရောက်ပြီး မီးရှို့သတ်ဖြတ်နေတာကြောင့် ခင်ဦးနယ် အနောက်ခြမ်းရှိ သရက်ပင်စု၊ ကားဆိပ်၊ ယာတော်၊ မကျီးအုပ်၊ မြင်းဒေါင်း၊‌ ကျွန်းတောကြီး၊ မြင်းကျ၊ သာဝတ္ထိ၊ သရက်ကုန်း၊ တဲစု၊ ကင်းပြစ်၊ သာဂရ၊ အင်တိုင်းကြီး စတဲ့ ကျေးရွာပေါင်း ၁၂ ရွာမှ ဒေသခံ ၁၀,၀၀၀ ထက်မနည်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ပုံ -ခင်ဦးနယ် စစ်ဘေးရှောင်ပြည်သူများ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013