မွန်ပြည်နယ်၊ မော်လမြိုင်နဲ့ မုဒုံမြို့နယ်တို့မှာ အပူချိန် စံချိန်သစ်တင်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက သိရပါတယ်။
မတ် ၂၅ ရက်က မိုးလေဝသရဲ့တိုင်းတာချက်အရ မော်လမြိုင်မှာ အမြင့်ဆုံးအပူချိန် ၃၉ ဒသမ ၇ ဒီဂရီဆဲလ်စီးယပ်နဲ့ စံချိန်သစ်တင်ခဲ့သလို မုဒုံမြို့နယ်တွင်လည်း ၃၉ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်နဲ့ အပူချိန် စံချိန်သစ်တင်ခဲ့ကြောင်း မတ် ၂၆ ရက်မှာ မိုးဇလက ထုတ်ပြန်ပါတယ်။
မော်လမြိုင်မှာ နှစ်ပေါင်း ၇၁ နှစ်အတွင်း စံချိန်သစ်တင်ခဲ့ခြင်းဖြစ်ပြီး မုဒုံမှာတော့ ၄၃ နှစ်အတွင်း ပထမဆုံး စံချိန်သစ်တင်ခဲ့တာပါ။
မုဒုံမြို့ခံတယောက်က “ပူတာက အခုမှ မဟုတ်ဘူး နွေရာသီက နှစ်တိုင်းလိုလို နီးပါး တနှစ်ထက်တနှစ်ကပိုပြီး ပူပြင်းလာသလို ခံစားရတယ်”လို့ ပြောပါတယ်။
အခုလိုရာသီဥတုပူပြင်းတဲ့ကာလမှာ အပူဒဏ်ကို ကြိုတင်ကာကွယ်ဖို့ လိုအပ်သလို ကျန်းမာရေး အသိပေးပညာပေးတွေကိုလည်း အမြဲသတိပြုဖို့ ကျန်းမာရေးပညာရှင်တွေက အကြုံပြုထား ပါတယ်။
ရာသီဥတုအပူဒဏ်ကြောင့် လူတွေ ရုတ်တရက် သေဆုံးတာ၊ မူးလဲတာနဲ့ ဝမ်းပျက်ဝမ်းလျှောတာ တွေက ဖြစ်လေ့ရှိပါတယ်။