ရက်စက်ဆိုးညစ်၊ ဖက်ဆစ်ဂျပန်
စုပေါင်းရန်ရှင်း၊ တော်လှန်ခြင်းနေ့
လူတိုင်းစေ့သိ၊ သမိုင်းရှိပ
မတ်လ ၂၇ ၊ ရက်မြတ်မွန်သည်
တပ်မတော်နေ့ မဟုတ်ပါပြီတကား။ ။
ကျနော်က DVB ကို နေ့စဉ် ရုပ်သံသတင်းတွေ ပေးပို့ပါတယ်။ DVB ဝက်ဘ်ဆိုဒ်အတွက်လည်း ဆောင်းပါးတွေရေးတယ်။ အမြဲတန်းပဲ ပေးပို့တဲ့သတင်းတွေက အကြောင်းတမျိုး၊ ရေးတဲ့ ဆောင်းပါးက အကြောင်းအရာတမျိုး ဖြစ်နေတတ်တယ်။ တူလေ့ မရှိဘူး။ ဥပမာ။ ။ သတင်းက စစ်ပွဲအကြောင်း၊ ရေးတဲ့ ဆောင်းပါးက ကဗျာအနုပညာအကြောင်း ဖြစ်နေတတ်တယ်။ ဒီနေ့တော့ ကျနော့်ရဲ့ သတင်းနဲ့ ရေးတဲ့ဆောင်းပါး အတူတူပဲ။ ဒါမျိုးက ဖြစ်ခဲတယ်ပေါ့။ သတင်းကလည်း "မတ်လ ၂၇ ရက်ဟာ တပ်မတော်နေ့ မဟုတ်တဲ့အကြောင်း" ရေးတဲ့ ဆောင်းပါးကလည်း "မတ်လ ၂၇ ရက်ဟာ တပ်မတော်နေ့ မဟုတ်ကြောင်း" ဖြစ်ပါတယ်။ အတိအကျ ပြောရလျှင်တော့ကာ ဆောင်းပါး ခေါင်းစဉ်က "တော်လှန်ရေးနေ့ ပြန်ရရေး" ဖြစ်တယ်။
သမိုင်းနေ့များ
သိမ်းယူထားသော၊ ရမ်းကားပေသော်
တပ်မတော်သည်၊ မလျှော်လုပ်တတ်
အမှားဇာတ်များ၊ မတရားဆင်
အမှန်ပြင်ရေး၊ မျှော်တိုင်းဝေးနေ
ပြန်လုလေမှရမည်တကား။ ။
မတ်လ ၂၇ ရက်ဟာ ပြည်သူ့ဖက်ဆစ်တော်လှန်ရေးနေ့ပါ။ ၁၉၄၅ ခုနှစ် မတ် ၂၇ ရက်မှာ အင်အားစုပေါင်းစုံက စုပေါင်းပြီး ဂျပန်တွေကို တိုက်ခိုက် မောင်းထုတ်ခဲ့ပါတယ်။ အခုတော့ ဒီနေ့ရက်ကို တပ်မတော်နေ့ သတ်မှတ်ထားပါတယ်။ ဒါမဖြစ်သင့်ပါ။ အကြီးအကျယ် လွဲချော်နေပါတယ်။ ဒီတော့ သမိုင်းဝင်နေ့ရက် ပြည်သူ့တော်လှန်ရေးနေ့ မတ်လ ၂၇ ရက်ကို စစ်တပ်က လုယူ သိမ်းပိုက်ထားခဲ့တာပါ။ ဒီနေ့ရက်မြတ်ကြီးကို မိဘပြည်သူတွေ လက်ဝယ်အရောက် ပြန်ပေးသင့်ပါတယ်။ ပြန်ပေးဖို့ အစီအစဉ် မရှိဘူး ဆိုရင်လည်း ပြည်သူလူထုတွေက ရအောင် ပြန်ယူသင်တာပေါ့။ မဟုတ်ဘူးလား။ အနည်းဆုံးတော့ လုယူခံထားရတာကို သိဖို့ လိုပါတယ်။ ပြည်သူ လူထုတွေ၊ နွေဦးတော်လှန်ရေးသမားတွေ အားလုံး စဉ်းစားကြစေချင်ပါရဲ့။ ဖက်ဆစ်တော်လှန်ရေးသမိုင်းနဲ့ တပ်မတော်သမိုင်းတွေကို လေ့လာကြစေချင်ပါတယ်။ ဘာတွေကို လေ့လာရမလဲဆိုတော့ သမိုင်းကိုပါ။ ‘မအ’ အောင် သမိုင်းသင်ရမယ်လို့ သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်း ပြောဖူးခဲ့သား မဟုတ်လား။
မတ်လ ၂၇ ရက်ကို မဆလ၊ နဝတ၊ နအဖ လက်ရှိ အာဏာသိမ်း စစ်ကောင်စီတို့က တပ်မတော်နေ့အဖြစ် သတ်မှတ်ထားပါတယ်။ တကယ်တမ်းမှာ တပ်မတော်နေ့ မဟုတ်ပါ။ ပြည်သူ့ဖက်ဆစ်တော်လှန်ရေးနေ့ ဖြစ်ပါတယ်။ နှစ်စဉ် နှစ်တိုင်း စစ်တပ်နဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေ အကြားမှာ “တပ်မတော်နေ့” “တော်လှန်ရေးနေ့” ဆိုပြီး ခေါင်းစဉ် နှစ်မျိုးနဲ့ ခေါင်းစဉ်တွေ မတူဘဲ ကျင်းပနေကြပုံတွေက သက်သေဖြစ်ပါတယ်။ တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေ၊ ဝါရင့်နိုင်ငံရေးသမားကြီးတွေ၊ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒီမိုကရေစီပါတီတွေ၊ ကျောင်းသားသမဂ္ဂတွေနဲ့ စစ်တပ်နဲ့ စစ်တပိုင်း အာဏာယူ ဦးဆောင်မှုကို မလိုချင်သူတွေ အားလုံးက ပြည်သူ့ဖက်ဆစ်တော်လှန်ရေးနေ့ အဖြစ် ကျင်းပကြပါတယ်။ နဝတ၊ နအဖ စစ်အစိုးရ၊ မဆလ စစ်တပိုင်း အစိုးရနဲ့ လက်ရှိ အာဏာသိမ်း စစ်ကောင်စီတွေကတော့ တပ်မတော်နေ့ အဖြစ် ကျင်းပနေကြပါတယ်။ သမိုင်းအရတော့ လယ်ပြင်ဆင်သွား ထင်ရှားနေခဲ့ပါတယ်။ ၁၉၄၅ ခုနှစ် မတ် ၂၇ ရက်မှာ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီနဲ့ တပ်မတော်စတဲ့ အင်အားစု ၃ ခု ပေါင်းပြီး ဖက်ဆစ်ဂျပန် တော်လှန်ရေး ဆင်နွှဲခဲ့ပါတယ်။ ပြည်သူ၊ ကျောင်းသား၊ လယ်သမား ရဟန်းတော်တွေပါမကျန် ခုနက အင်အားစု ၃ ခုနဲ့ ပူးပေါင်း စုပေါင်းပြီး ဂျပန်တွေကို တိုက်ခိုက် မောင်းထုတ်ခဲ့ကြပါတယ်။ မတ်လ ၂၇ ဟာ ပြည်သူ့ဖက်ဆစ်တော်လှန်ရေးနေ့ပါ။ အခုတော့ ဒီနေ့ရက်ကို တပ်မတော်နေ့ သတ်မှတ်ထားပါတယ်။ ဒါလည်း မဖြစ်သင့်ပါ။ အကြီးအကျယ် လွဲချော်နေပါတယ်။
တကယ်တော့ မတ် ၂၇ ရက်နေ့ကို တပ်မတော် တခုတည်းက မပိုင်သင့်ပါ။ ဗမာ့တပ်မတော်ရဲ့ ရာဇဝင်ကို ပြန်လှန်ကြည့်ပါ့မယ်။ မြန်မာဘုရင့်တပ်မတော်ဟာ ၁၈၈၅ မှာ အင်္ဂလိပ်က သိမ်းလိုက်အပြီး ပျက်သုဉ်း ပျောက်ကွယ်သွားပါတော့တယ်။ နောက်ထပ် ၅၆ နှစ်ကြာ အင်္ဂလိပ်ကို ပြန်တိုက်ဖို့ ရဲဘော် သုံးကျိပ်ဟာ ဂျပန်မှာ စစ်ပညာ သွားသင်ပြီးအပြန် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့က ဘန်ကောက်မြို့မှာ ဗမာ့တပ်မတော်ကို လက်မောင်းသွေးဖောက် သောက်ကြပြီး စတင် တည်ထောင်လိုက်ပါတယ်။ နဝတ စစ်အစိုးရ၊ ပြန်ကြားရေးဌာန ၁၉၉၁ ခုနှစ်ထုတ် မြဒေါင်းညိုရေး ရဲဘော်သုံးကျိပ် စာအုပ် စာမျက်နှာ ၁၁ မှာဆိုရင် ( ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ရှိ မျိုးချစ်ပုဂ္ဂိုလ်ကြီး ဦးလွန်းဖေ၏ နေအိမ်တွင် ဘီ၊ အိုင်၊ အေ ခေါ် ဗမာ့လွတ်လပ်ရေး တပ်မတော် စတင်ထူထောင်ရာတွင် ဗိုလ်တေဇ ခေါ် သခင်အောင်ဆန်း၊ နိပွန်အမည် (အိုမိုတ)သည် ရဲဘော်များနှင့်အတူ မြန်မာ့လွတ်လပ်ရေးကို ဦးလည်မသုန် ဦးဆွေးဆံမြည့်သည့်တိုင် တိုက်ခိုက် ရမည်ဟု ဓိဋ္ဌာန်ပြီး သွေးသောက်ခဲ့ ကြလေသည်။) လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် ဒီဇင်ဘာလ ၂၆ ရက်နေ့ဟာ ဗမာ့တပ်မတော် စတင် တည်ထောင်တဲ့နေ့ရက်ပါ။ အခုဆိုရင် တပ်မတော်ဟာ ၈၃ နှစ်သား ရှိပါပြီ။ လာမယ့် ဒီဇင်ဘာလ ၂၆ ရက်နေကျရင် တပ်မတော်စဖွဲ့တာ ၈၃ နှစ် မြောက်ပါတော့မယ်။
ရခိုင် သူပုန်၊ သမိုင်းတုန်အောင်
တိုက်ပုံ ကောင်းလှ၊ လက်ဦးစတင်
ကရင်ပြောက်ကျား၊ စစ်ပွဲများဖြစ်
ကွန်မြူနစ်တပ်၊ တိုက်ပွဲထပ်ကဲ
ရဲခေါင်ပြောက်ကျား၊ စုပေါင်းအားပေါ်
တပ်မတော်ကား၊ နောက်နားဆီမှ
ထပ်ဆင့်ရတာ၊ သမိုင်းမှာရှိ
ကမ္ဘာသိ အားလုံးသိပြီး ဖြစ်ပါ၏။ ။
လက်ရှိမှာ မတ်လ ၂၇ ရက်ကို တပ်မတော်နေ့ဆိုပြီး ကျင်းပနေကြပေမဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးသူရတင်ဦးကတော့ (မွေးဖွားတဲ့နေ့ဟာ သူမွေးနေ့ပဲ ဖြစ်ရမှာပေါ့။ တပ်မတော်ဟာ အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ သိတဲ့အတိုင်းပဲ ဗိုလ်ချုပ်အောင်ဆန်းတို့ လွတ်လပ်ရေး ရယူခဲ့တဲ့ ရဲဘော်သုံးကျိပ် ဘန်ကောက်မြို့မှာ မြန်မာနိုင်ငံ လွတ်လပ်ရမယ်ဆိုတဲ့ တိုက်ပွဲကို သံဓိဋ္ဌာန် ချတဲ့နေ့။ အဲ့ဒီနေ့မှာ ဘီအိုင်အေ ဗမာ့လွတ်လပ်ရေး တပ်မတော် ပေါက်ဖွားတာပေါ့ကွာ။ အဲ့ဒီ ပေါက်ဖွားတဲ့နေ့ဟာတော့ တပ်မတော်နေ့၊ တပ်မတော်မွေးနေ့ ပေါ့။) လို့ ဒီဗွီဘီရုပ်မြင်သံကြားကို ပြောခဲ့ပါတယ်။
တော်လှန်ရေးနေ့သမိုင်းကိုလည်း ပြန်စစ်ဆေးကြပါစို့။ ၁၉၄၅ ခုနှစ် မတ်လ ၁၇ ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းက (အနီးကပ်ဆုံးရန်သူကို ရှာပြီး တိုက်ကြ) လို့ စစ်ထွက်မိန့်ခွန်းပြောပြီး စစ်ထွက်လိုက်ပါတယ်။ မတ်လ ၂၇ ရက်မှာ ဂျပန်တော်လှန်ရေး စခဲ့ပါတယ်။ ဒါကြောင့် မတ် ၂၇ ရက်ကို ဖက်ဆစ်တော်လှန်ရေးနေ့လို့ သတ်မှတ်ပြီး ကျင်းပနေခဲ့ပါတယ်။ စစ်အစိုးရ၊ စစ်တပိုင်းအစိုးရတွေကတော့ တော်လှန်ရေးနေ့ကို ပယ်ဖျက်ထားပါတယ်။ ဖုံးကွယ်ထားပါတယ်။ မတ် ၂၇ ဟာ တပ်မတော်နေ့ ဆိုပြီး ကျင်းပနေပါတယ်။ ဒါပေမဲ့ တပ်မတော်တခုတည်းက ဂျပန်ကို တိုက်ထုတ်ခဲ့တာ မဟုတ်။ ဆိုခဲ့တဲ့အတိုင်း သခင်စိုး ဦးဆောင်တဲ့ ကွန်မြူနစ်ပါတီ၊ သခင်မြ ဦးဆောင် ပြည်သူအရေးတော်ပုံပါတီနဲ့ တပ်မတော် သုံးဖွဲ့ ပေါင်းပြီး လက်တွဲ လုပ်ဆောင်ခဲ့ကြပါတယ်။ တိုင်းရင်းသား ပေါင်းစုံတော်လှန်ရေး တပ်တွေကလည်း သူ့ဒေသနဲ့ သူ ဆင်နွှဲခဲ့တာပါ။ ဒါပေမဲ့ ဘာကြောင့် တပ်မတော်နေ့ ဆိုပြီး ပြောင်းသလဲ။ ကွန်မြူနစ်တို့ ဦးဆောင်မှုကို ဖျောက်ချင်လို့ ထင်ပါတယ်။ မြန်မာ့သမိုင်းမှာ တိုင်းရင်းသားအင်အားစုတွေ၊ ဆိုရှယ်လစ်အုပ်စု၊ တပ်မတော်ခေါင်းဆောင်တွေနဲ့ ကွန်မြူနစ်တွေ ရှိခဲ့ကြပါတယ်။ နောက်ပိုင်းကျတော့ ဖက်ဆစ် ဂျပန်တော်လှန်ရေးမှာ ဦးဆောင်ခဲ့ကြတဲ့ ကွန်မြူနစ်တွေရဲ့ ပါဝင်နေမှုကို တပ်မတော်ဖက်က မလိုလားတာကြောင့် တော်လှန်ရေးနေ့ကို တပ်မတော်နေ့ ပြောင်းလိုက်တာလို့ ယူဆကြပါတယ်။ ဖက်ဆစ်ဂျပန် တော်လှန်ရေးမှာ အင်္ဂလိပ်ကို တိုက်ဖို့ ဂျပန်နဲ့ ပေါင်းခဲ့ပေမယ့် ၁၉၄၃ ခုနှစ် သြဂုတ်လ ၁ ရက်မှာ ဂျပန်က ရွှေရည်စိမ် လွတ်လပ်ရေး ပေးခဲ့ပေမယ့် မြန်မာ့သမီးပျိုတွေကို မုဒိမ်းကျင့်တဲ့အထိ၊ ပြည်သူတွေကို ဖမ်း လက်သည်းခွံခွာတဲ့အထိ၊ ရက်ရက်စက်စက် နှိပ်စက်၊ ဂျပန်ဓားရှည်ကြီးတွေနဲ့ လူမြင်ကွင်းမှာ ခုတ်ပြီး သတ်ဖြတ်တဲ့အထိ ဆိုးလာတဲ့အတွက် ဂျပန်တော်လှန်ရေးလုပ်ဖို့ ပြင်ဆင်ခဲ့ကြရတာပါ။ ပထမဆုံး ဂျပန်ဆန့်ကျင်သူဟာ ကွန်မြူနစ်ပါတီက သခင်စိုးပါ။ သခင်စိုးက အင်းစိန်ထောင်ထဲကနေ အင်းစိန်စစ်တမ်း ထုတ်ပြန်ပြီး ဂျပန် မဝင်လာခင်ကတည်းက ဂျပန်ကို ဆန့်ကျင်ခဲ့ပါတယ်။ ကွန်မြူနစ်ပါတီ ခေါင်းဆောင် ဦးသိန်းဖေမြင့်နဲ့ သခင်သန်းထွန်း စသူတွေကလည်း ဂျပန်တော်လှန်ရေးကို အစောဆုံး ပြင်ဆင်ခဲ့ကြတာပါ။ တချိန်တည်းပဲ ဗုံပေါက်သာကျော်၊ ကိုညိုထွန်း၊ ဦးစိန္တာတို့ ခေါင်းဆောင်တဲ့ ရခိုင်ပြောက်ကျား တော်လှန်ရေးတပ်တွေ၊ မန်းဝင်းမောင်ရဲ့ ကရင်ပြောက်ကျား တော်လှန်တပ်တွေကလည်း (တပ်မတော်ရှေ့က ကြိုတိုက်ပြီး) ပါဝင်ခဲ့ပါတယ်။ ၁၉၄၄ ခုနှစ်၊ သြဂုတ်လမှာ ဖတပလ (ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်) ရန်ကုန်မှာ လျှို့ဝှက် ဖွဲ့လိုက်ပါပြီ။ ဖတပလ ကို ပြည်သူ့အရေးတော်ပုံပါတီက (ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ သခင်ချစ်)၊ ကွန်မြူနစ်ပါတီက (သခင်စိုး၊ သခင်သန်းထွန်း၊ သခင်ဗဟိန်း)တို့နဲ့ တပ်မတော်က ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်လက်ျာ၊ ဗိုလ်နေဝင်း စတဲ့ ကိုးဦးက ဦးဆောင်ခဲ့တာပါ။ ဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်း၊ အထွေထွေအတွင်းရေးမှူး သခင်သန်းထွန်း။ ဖတပလကနေ ဂျပန်ကို တော်လှန်ဖို့ လျှို့ဝှက် သတ်မှတ်ထားတာက ၁၉၄၅ ခုနှစ် ဧပြီလ ၂ ရက်ပါ။ ဒါပေမဲ့ ဗုံပေါက်သာကျော်၊ ကိုညိုထွန်း၊ ဦးစိန္တာတို့ခေါင်းဆောင်တဲ့ ရခိုင်ပြောက်ကျားတွေက မတ်လဆန်းမှာပဲ ဂျပန်ကို စတိုက်လိုက်ပါတယ်။ သခင်သန်းထွန်းရဲ့ ကွန်မြူနစ် ရဲခေါင်ပြောက်ကျားတွေ၊ မန်းဝင်းမောင် ကရင်ပြောက်ကျားတွေကလည်း မရှေးမနှောင်းမှာ နီးစပ်ရာ ဂျပန်တွေကို စတင် တိုက်ခိုက်လာပါတယ်။ ဒီအခါ အထက်ဗမာပြည် အခြေစိုက် ဗိုလ်မှူးကြီး ဗထူးကလည်း မတ်လ ၈ ရက်မှာ စတင် တော်လှန်လိုက်ပါတယ်။ ဒါကြောင့် ဖတပလ ကလည်း ဧပြီ ၈ ရက်အထိ မစောင့်နိုင်တော့ပဲ အချိန်စောပြီး မတ်လ ၂၇ ရက်မှာ တော်လှန်ရေး စလိုက်ရတာပါ။ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက (ပထမပိုင်း ၁၉၄၅ ကနေ ၅၅ ခုနှစ်လောက် အထိ ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားအဖြစ်ပဲ ကျင်းပတယ်။ ဒီတော်လှန်ရေးနေ့ အခမ်းအနားတွေမှာ တပ်မတော်ကလည်း ပူးတွဲ ပါခဲ့တယ်။ ၁၉၅၅ ခုနှစ် နောက်ပိုင်းမှာ တော်လှန်ရေးနေ့ ခေါင်းစဉ် မတပ်တော့ပဲ တပ်မတော်နေ့လို့ပဲ ကျင်းပတော့တယ်။ ဒါပေမဲ့ ပြည်သူတွေကတော့ တော်လှန်ရေးနေ့ ဆိုပြီး ကျင်းပမြဲပဲ။ စစ်တပ်ကသာ တပ်မတော်နေ့ဆိုပြီး ကျင်းပတယ်။ နှစ်မျိုး ဖြစ်နေတယ်။) လို့ဒီဗွီဘီရုပ်သံကို ပြောခဲ့ပါတယ်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး သူရတင်ဦးကလည်း (ဦးနေဝင်း အိမ်စောင့်အစိုးရ လက်ထက် ၁၉၅၈ ခုနှစ်လောက်က တော်လှန်ရေးနေ့ကို တပ်မတော်နေ့ အဖြစ် ပြောင်းလဲခဲ့တယ်။) လို့ဒီဗွီဘီ ရုပ်မြင်သံကြားဌာနကို ပြောခဲ့ပါတယ်။
ဦးသိန်းစိန် အစိုးရလက်ထက် လွှတ်တော်မှာ ၂၀၁၄ ခုနှစ် ဇွန်လက ကျင်းပခဲ့တဲ့ လွှတ်တော်တရပ် အတွင်း ပုသိမ် NLD ဒီအမတ် ဦးဝင်းမြင့် (နောင် သမ္မတကြီး) က မတ်လ ၂၇ ရက်ကို တပ်မတော်နေ့လို့ ကျင်းပနေတာဟာ မှားယွင်းနေတဲ့အတွက် တော်လှန်ရေးနေ့ အဖြစ် ပြန်လည်သတ်မှတ်ပေးဖို့နဲ့ အဆိုတင်ခဲ့ပါတယ်။ ဒါပေမဲ့ စစ်တပ်ပါတီ ပြည်ခိုင်ဖြိုးအစိုးရက ပြောင်းလဲ သတ်မှတ်ဖို့မလိုကြောင်း တုံ့ပြန်ဖြေကြားခဲ့ဘူးပါတယ်။
အဆုံးသတ်ရရင်တော့ ကလေးတယောက်ကို စတင်မွေးဖွားသော နေ့ရက်ဟာ သူ့ မွေးနေ့ပါ။ တပ်မတော်ကို မွေးဖွားခဲ့တာ ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၆ ပါ။ အခုဆို တပ်မတော် သက်တမ်းဟာ ၈၃ နှစ် ဖြစ်ပါတယ်။ တော်လှန် ရေးနေ့ဟာ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်ပါ။ အခု ၂၀၂၄ ခုနှစ် မတ်လ ၂၇ မှာ ပြည်သူ့ဖက်ဆစ်ဂျပန် တော်လှန်ရေး နေ့ ပေါ်ပေါက်လာခဲ့တာ နှစ်ပေါင်း ၇၉ နှစ် ရှိပါပြီ။
ပြည်သူညီက၊ ပြန်ယူရမည်
ရရင်ရ၊ မရရင်ချ
ရရ မရရ၊ ချကိုချမည်
လူထုညီပေး၊ တော်လှန်ရေးနေ့
မပေးလည်းရအောင်
ပြန်ယူဆောင်ကြရမည်တကား။ ။
ဒီလို သမိုင်းနဲ့ ရာဇဝင် ထင်ရှားနေပြီဖြစ်တဲ့ ပြည်သူ့တော်လှန်ရေးနေ့ ရက်မြတ်ကြီးကို မိဘပြည်သူတွေ လက်ဝယ်အရောက် ပြန်ပေးသင့်ပါတယ်။ ပြန်ပေးဖို့ အစီအစဉ် မရှိဘူး ဆိုရင်လည်း စစ်တပ်လက်ဝယ်ကနေ ပြည်သူလူထုတွေက ရအောင် ပြန်ယူသင့်တာပေါ့။ မဟုတ်ဘူးလား။ ဟုတ်ပါတယ်လို့ အားလုံး တညီတည်း ဖြေကြမှာပါ။ မတ်လ ၂၇ တော်လှန်ရေးနေ့အပါအဝင် ပြည်သူ့နေရက်တွေ ပြည်လည် သိမ်းပိုက်ရရှိဖို့သာမက ပြည်သူ့အာဏာ ပြည်သူတွေ ပြန်လည် ရရှိဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် People's Defense Force (PDF) ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ၂၀၂၁ မေလ ၅ ရက်မှာ စတင် ဖွဲ့စည်းလိုက်ပါပြီ။ PDF ဟာ တရားဝင် ပြည်သူ့တပ်မတော်ဖြစ်ပြီး ဖက်ဒရယ်တပ်မတော်ရဲ့ ရှေ့ပြေးလို့ သတ်မှတ်ထားလိုက်ပါပြီ။ တိုင်းနဲ့ ပြည်နယ် ၁၄ ခုစလုံးမှာလည်း တိုင်းရင်းသား တော်လှန်ရေးတပ်တွေနဲ့ ပူးတွဲပြီး တိုက်နေကြပြီ။ ပြည်သူ့ဖက်ဆစ်တော်လှန်ရေးနေ့ မတ်လ ၂၇ ရက်ကို ပြည်သူ့လက်ဝယ် ပြန်ရရေးသည်ကား နွေဦးတော်လှန်ရေး အောင်ပွဲကြီးနဲ့အတူ တနေ့ထက်တနေ့ နီးသည်ထက်နီး နီးလို့လာနေပါပြီ။ ။
မောင်တူး