မြန်မာ-ထိုင်းနယ်စပ်တလျှောက် မြန်မာစစ်လေယာဉ်တွေ ထိုင်းနယ်စပ်တွေကို ဖြတ်ကျော်ပျံသန်းမှုများလာလို့ ထိုင်းပြည်သူတွေရဲ့ လုံခြုံရေးအတွက် ထိုင်းဘုရင့်လေတပ်မှ F16 တိုက်လေယာဉ်တွေနဲ့ မတ်လ ၂၇ ရက်မှာ ကင်းထောက်လှမ်း ပျံသန်းမယ်လို့ ထိုင်းလေတပ်က ကြေညာပါတယ်။
ဒီနေ့မနက် ၉ နာရီခွဲမှာ ထိုင်းဘုရင့်လေတပ်ဟာ နခွန်စဝမ်လေဆိပ်တာခလီလေဆိပ်ကနေပြီး F-16 တိုက်လေယာဉ်နှစ်စင်းကို အသုံးပြုကာ ကန်ချနပူရီခရိုင်၊ တာ့ခ်ခရိုင်၊ မယ်ဆိုင်ခရိုင်နဲ့ မယ်ဟောင်ဆောင်ခရိုင်ရှိ မြန်မာနဲ့ ထိစပ်နေတဲ့ နယ်စပ်ဒေသတွေမှာ ကင်းထောက် ပျံသန်းမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဘက်က တိုက်လေယာဥ်အမျိုးမျိုး၊ ဗုံးကြဲလေယာဉ်ပေါင်းစုံအသုံးပြုပြီး ထိုင်းနယ်စပ်နဲ့ မနီးမဝေးမှာ တရက်ကို ငါးကြိမ်မှ ၁၂ ကြိမ်လောက် ပျံသန်း ဗုံးကြဲနေတဲ့အတွက် အခုလို ကင်းထောက်ပျံသန်းမှာဖြစ်တယ်လို့ ထိုင်းပြည်သူတွေကို အသိပေးထားကြောင်း ထိုင်းလူမှုကွန်ရက်တွေမှာ ဖော်ပြပါတယ်။
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ တာဆောင်ယမ်းမြို့၊ မယ်လမမြို့၊ မဲဆောက်မြို့၊ ဖုတ်ဖမြို့နဲ့ အုန်းဖန်မြို့ နယ်စပ်နဲ့နီးတဲ့ ကရင်ပြည်နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေ မြေပြင် တိုက်ပွဲတွေနဲ့ စခန်းသိမ်းတိုက်ပွဲတွေ အဆက်မပြတ် ဖြစ်ပွားနေပါတယ်။
Photo Credit- Royal Thai Air Force