မင်းလှမြို့နယ်က ပျူစောထီးခေါင်းဆောင်တဦးဖြစ်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ PPP မြို့နယ်ဥက္ကဋ္ဌဟောင်း ဦးမျိုးမြင့်အောင်ဟာ မတ် ၂၆ ရက် ညနေ လေးနာရီဝန်းကျင်က သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
"သူအိမ်က စျေးဆိုင်ထဲမှာ ဝင်ပစ်သွားတာ၊ သေနတ်သံဆယ်ချက်လောက်ရှိတယ်။ ဆေးရုံကိုပို့တာ လမ်းမှာတင်သေသွားတာ။"
သေဆုံးသူ ဦးမျိုးမြင့်အောင်မှာ မင်းလှမြို့နယ်စီမံအုပ်ချုပ်ရေးရုံးမှ ဗိုလ်မှူးနဲ့ပူးပေါင်းကာ ပြည်သူ့စစ်သင်တန်းအတွက် လူစုဆောင်းပေးသူတဦးဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။
"အာဏာမသိမ်းခင်က ပြည်ခိုင်ဖြိုးပါတီမှာ အလုပ်အမှုဆောင်၊ အာဏာသိမ်းပြီးတော့ ပီသုံးလုံးပါတီထဲဝင်လိုက်တယ်။ ပြီးခဲ့တဲ့နှစ်က ထွက်လိုက်တာ။ အဲ့တုန်းကလည်း အပစ်ခံရမှာစိုးလို့ ထွက်လိုက်တာ။"
ပြီးခံတဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းက အုပ်ချုပ်ရေးမှူးတွေနဲ့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်ခံရပြီးနောက် ပြည်သူ့ရှေဆောင်ပါတီ (PPP) မှ ဦးမျိုးမြင့်အောင်က နုတ်ထွက်ခဲ့တာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ဦးမျိုးမြင့်အောင်ဟာ ပီသုံးလုံးပါတီက နုတ်ထွက်ပြီးနောက် စစ်တပ်နဲ့ပူးပေါင်းကာ ရပ်ကွက်နဲ့ကျေးရွာတွေမှာ ပြည်သူ့စစ်လူအင်အားတိုးရေးအတွက် စည်းရုံးနေသူတဦးလည်းဖြစ်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။