Home
မြန်မာသတင်း
မောင်တောတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀ ကျော် လက်နက်ချ
DVB
·
March 26, 2024
army soldiers01_26032024

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ မတ် ၂၅ ရက်က တမန်းသားကျေးရွာအနီးရှိ တောင်ကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀ ကျော်လောက်ဟာ ရက္ခိုင့်တပ်တော် (AA) ထံ လက်နက်ချ အညံ့ခံခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တမန်းသားကျေးရွာအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက AA တပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀ ကျော်ဟာ မတ် ၂၅ ရက် နေ့လယ်မှာ လက်နက်ချ အညံ့ခံခဲ့တာလို့ မောင်တောဒေသခံတဦးက ပြောပါတယ်။

“စစ်ကောင်စီတပ်စခန်းကို AA ဘက်က ထိုးစစ်ဆင် တိုက်ခိုက်နေတာ တပတ်လောက်ရှိပြီ။ အဲဒီမှာ လက်နက်ချအညံ့မခံတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ လောက်ဟာ မတ်လ ၂၄ ရက်နေ့မှာ ထွက်ပြေးကြတာမှာ AA က ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့တယ်။ အဲဒီနောက် စခန်းကုန်းမှာ ကျန်ခဲ့တဲ့ ၉၀ ကျော်ဟာလည်း ၂၅ ရက် နေ့လယ်ပိုင်းမှာ လက်နက်ချခဲ့ကြတာဖြစ်တယ်။ စစ်ကောင်စီတပ်သားတွေဟာ စိတ်ဓာတ်ပိုင်းလည်း တော်တော်ကျဆင်းနေကြပြီးတော့ တိုက်ခိုက်နိုင်စွမ်း မရှိကြတော့ဘူး။”

အခုလက်နက်ချခဲ့တဲ့ တမန်းသားကျေးရွာအနီးက ထွက်ပြေးလာတဲ့ စစ်ကြောင်းတခုကို တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်နဲ့ လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ မတ် ၂၅ ရက်မှာ AA က ထုတ်ပြန်ပါတယ်။

ဒီတပ်စခန်းကုန်းကို စစ်ကောင်စီတပ်က ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ စတင်တပ်စွဲခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ AA က သိမ်းပိုက်ထားလိုက်ပါပြီ။

လက်နက်ချခဲ့တဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ရုပ်သံဖိုင်တွေဟာလည်း လူမှုကွန်ရက်တွေပေါ်မှာ ထွက်ပေါ်နေပြီး အသေးစိတ်သိရဖို့ AA တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။

မတ် ၂၃ ရက်ကလည်း မောင်တောမြို့နယ် ရန်အောင်မြန် စစ်ကောင်စီတပ်စခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး ကြိမ်ချောင်း နယ်ခြားစောင့်တပ်စခန်းကိုလည်း ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့  AA ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ဘူးသီးတောင်မြို့နယ် ခမရ ၅၅၂ တပ်ရင်းကိုလည်း ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေမှာ စစ်ရေးပြင်းထန်နေပါတယ်။

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော်က ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နဲ့ တောင်ပြိုလက်ဝဲမြို့တွေ အပါအဝင် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေကို သိမ်းပိုက်ထားပြီး လက်နက်ချအညံ့မခံတဲ့ တခြားမြို့နယ်တွေက စစ်ကောင်စီတပ်စခန်းတွေကိုလည်း ထိုးစစ်ဆင် တိုက်ခိုက်သွားမယ်လို့ AA က ဆိုထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013