Home
အားကစား
မြန်မာအသင်း ဆီးရီးယားကို ၇ ဂိုးပြတ် ရှုံးနိမ့်
DVB
·
March 27, 2024
MyanmarTeam_27032024

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန်ဒုတိယအဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် မတ် ၂၇ ရက် ဒီနေ့မနက်အစောပိုင်းက ဆော်ဒီအာရေဗျနိုင်ငံမှာ ယှဉ်ပြိုင်ကစားခဲ့ကြရာမှာ ဆီးရီးယားအသင်းက မြန်မာအသင်းကို ၇ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။

ဒီပွဲမှာ ကမ္ဘာ့အဆင့် ၈၉ ရှိတဲ့ ဆီးရီးယားအသင်းဟာ ကမ္ဘာ့အဆင့် ၁၆၂  ရှိတဲ့မြန်မာအသင်းကို  တဖက်သတ် ခြေအသာနဲ့  ဖိကစားပြီး ဂိုးပြတ်အနိုင်ရသွားတာ ဖြစ်ပါတယ်။

ပထမပိုင်း ပွဲချိန် မိနစ် ၃၀ မှာ ဆီးရီးယားအသင်းအတွက် အိုမာခရီဘင်က ဂေါင်းတိုက်သွင်းယူပေးခဲ့ရာမှာ ဆီးရီးယားအသင်းသားတချို့ လူကျွံတဲ့ အနေထားဖြစ်နေတာကြောင့် မြန်မာနည်းပြနဲ့ အသင်းသားတွေ စောဒက တက်ခဲ့ကြပေမဲ့ ဒိုင်က ဂိုးအဖြစ်ဆုံးဖြတ်ခဲ့တာကြောင့် ဆီးရီးယားအသင်း   အဖွင့်ပထမဂိုး ရရှိသွားပါတယ်။

ပထမပိုင်း ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ မြန်မာနောက်ခံလူ ဟိန်းဖြိုးဝင်းက ဘောလုံးဖျက်ထုတ်တာ ကြမ်းတဲ့အတွက် အနီကတ်ပြ အထုတ်ခံလိုက်ရလို့ ပထမပိုင်းမှာ မြန်မာအသင်း တဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်နေခဲ့ ပါတယ်။

ဒုတိယပိုင်းမှာတော့ မြန်မာအသင်းက ၁၀ ယောက်တည်းနဲ့ ကစားခဲ့ရပြီး ဆီးရီးယားအသင်းက ကစားအားမြှင့်တင် တိုက်စစ်ဆင် ကစားသွားခဲ့တာမှာ ပွဲချိန် ၄၇ မိနစ်၊ ၅၁ မိနစ်၊  ၅၄ မိနစ်၊ ၆၃ မိနစ်၊ ၆၈ မိနစ်နဲ့  မိနစ် ၈၀ တို့မှာ ၆ ဂိုးထပ်သွင်းပြီး ပွဲအပြီးမှာ  ဆီးရီးယားအသင်းက  (၇-၀)ဂိုးနဲ့ အနိုင်ရသွားတာပါ။

မတ် ၂၁ ရက်က ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းမှာ ပထမအကျော့ ယှဉ်ပြိုင်ကစားခဲ့ကြရာမှာတော့ မြန်မာအသင်းက အိမ်ကွင်းမှာ ဆီးရီးယားအသင်းနဲ့ တဂိုးစီသရေကျခဲ့ပြီး အခု အဝေးကွင်းပွဲစဉ်က ဆီးရီးယားနိုင်ငံမှာ မကျင်းပဘဲ ကြားကွင်းဖြစ်တဲ့ ဆော်ဒီကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ ကြတာပါ။

မြန်မာအသင်းပါဝင်တဲ့ အုပ်စု (B) မှာ အာရှထိပ်သီး ဂျပန်နဲ့ မြောက်ကိုရီးယား အသင်းတို့လည်း ပါဝင်နေတာဖြစ်ပြီး မြန်မာအသင်းက အုပ်စုအောက်ဆုံးမှာ ရမှတ်တမှတ်နဲ့  ခြေစစ်ပွဲ မအောင်နိုင်တော့ပါဘူး။

ဒါပေမဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေဟာ ၂၀၂၇ အာရှဖလားခြေစစ်ပွဲနဲ့ ဆက်စပ်နေတာကြောင့် မြန်မာအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲကနေထွက်ခဲ့ရသည့်တိုင် အာရှဖလားခြေစစ်ပွဲတွေ ဆက်လက် ယှဉ်ပြိုင်သွားရမှာ ဖြစ်တယ်။

Photo-MFF

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013