Home
နိုင်ငံတကာ
ဘိုးအင်းကုမ္ပဏီ CEO ဒေ့ဗ် ကားလ်ဟွန် ရာထူးကနုတ်ထွက်မည်
DVB
·
March 26, 2024
Boeing CEO_26032024

ဘိုးအင်းကုမ္ပဏီရဲ့ CEO ဒေ့ဗ် ကားလ်ဟွန်ဟာ ဒီနှစ်ကုန်ပိုင်းမှာ ရာထူးကနေ ဆင်းပေးတော့မှာဖြစ်ပါတယ်။

ဇန်နဝါရီလလယ်ပိုင်းက 737 MAX လေယာဉ် ပျံသန်းနေတုန်း တံခါးဘောင်ပွင့်ထွက်မှု ဖြစ်ပေါ်လာတာကနေ ဘိုးအင်းလေယာဉ်ထုတ်လုပ်ရေးမှာ ဘေးကင်းလုံခြုံမှုပိုင်းဆိုင်ရာ အကျပ်အတည်း ပျံ့နှံ့သွားခဲ့ပြီးတော့ စီမံအုပ်ချုပ်မှုပိုင်းကို လှုပ်ခတ်လာတာကြောင့် တာဝန်ယူ နုတ်ထွက်တော့မှာ ဖြစ်ပါတယ်။

ဘိုးအင်း ခရီးသည်တင် လေယာဉ်ထုတ်လုပ်ရေး ဥက္ကဋ္ဌနဲ့ CEO ဖြစ်သူ စတန် ဒီးလ်လည်း အနားယူတော့မှာဖြစ်ပြီး အဲဒီလုပ်ငန်းကို စတက်ဖ်နီပုပ်က ဦးဆောင်လိမ့်မယ်လို့ လေယာဉ်ကုမ္ပဏီက ပြောပါတယ်။ ဘုတ်အဖွဲ့ရဲ့ ဥက္ကဋ္ဌသစ်အဖြစ် စတိဗ် မော်လန်ကော့ဖ်ကို ခန့်အပ်လိုက်ပါတယ်။

ဘိုးအင်း CEO ကားလ်ဟွန် ကတော့ သူတို့ဟာ သူတို့လေယာဉ်တွေကို ယုံကြည်ထားပြီးတော့ လေယာဉ်ပျံတွေရဲ့ အန္တရာယ်ကင်းမှုကိုလည်း ကွင်းဆင်းစစ်ဆေးကြောင်း၊ လေယာဉ်တွေရဲ့ လုံခြုံမှုနဲ့ ဝန်ထမ်းတွေကိုလည်း ယုံကြည်မှုရှိကြောင်း၊ ဒါ့အပြင် ကမ္ဘာ့ဆွဲငင်အားဆိုတဲ့ အခြေအနေကိုလည်း အပြည့်အဝ နားလည်သဘောပေါက်ထားကြောင်း ဆီးနိတ် အဆောက်အဦမှာ မီဒီယာတွေကို ပြောပါတယ်။

ဘိုးအင်း CEO ကားလ်ဟွန်ဟာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှာ CEO ရာထူးကို ခန့်အပ်ခံခဲ့ပြီး MAX လေယာဉ်ပျက်ကျမှုနှစ်ခုနဲ့ ကူးစက်ရောဂါကြောင့် ဂျက်လေယာဉ်အသစ်တွေ ဝယ်လိုအား ကျဆင်းသွားမှု အကျပ်အတည်းတွေကို ဆက်တိုက်ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ခရီးသည် ၁၇၁ ဦး တင်ဆောင်လာတဲ့ အလက်စကာ လေကြောင်းလိုင်းက MAX 9 ဂျက်လေယာဉ်ဟာ ပျံသန်းနေချိန်အတွင်း ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုကြောင့် အထင်ကရ လေယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီအတွက် ဘေးကင်းရေးပိုင်းနဲ့ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ အလုံးစုံ အကျပ်အတည်းအဖြစ် ပြောင်းလဲသွားပြီးနောက် ဘိုးအင်းကုမ္ပဏီမှာ ခေါင်းဆောင်မှု အပြောင်းအလဲကိစ္စဟာ ရက်သတ္တပတ်များစွာ ကမောက်ကမ ဖြစ်ခဲ့ရပါတယ်။

ကုမ္ပဏီဟာ လုံခြုံရေးနဲ့ အရည်အသွေးဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးပမ်းနေချိန်မှာ ပြင်းထန်တဲ့ စည်းမျဉ်းစစ်ဆေးမှုနဲ့ ရင်ဆိုင်နေရပြီး အမေရိကန်အာဏာပိုင်တွေက ထုတ်လုပ်မှုကို တားမြစ်ထားပါတယ်။

ကုမ္ပဏီဟာ သူ့ရဲ့ ထောက်ပံ့ရေး ကွင်းဆက်အပေါ် ပိုမိုထိန်းချုပ်နိုင်စေဖို့ ကြိုးစားတဲ့အနေနဲ့ သူ့ရဲ့လုပ်ငန်းခွဲဟောင်း Spirit AeroSystems ကို ဝယ်ယူဖို့ ဆွေးနွေးနေပါတယ်။

ဒီဖြစ်ရပ်အပြီးမှာ ဖက်ဒရယ် လေကြောင်းအုပ်ချုပ်ရေး (FAA) က ဘိုးအင်းထုတ်လုပ်မှုကို တလ ၃၈ စင်းနှုန်း ကန့်သတ်လိုက်ပေမဲ့ ဘဏ္ဍာရေးအရာရှိချုပ် ဘရိုင်ယန်ဝက်စ် ကတော့ အဲဒီကိန်းဂဏန်းကိုတောင် မရောက်ပါဘူးလို့ ပြီးခဲ့တဲ့အပတ်က ပြောပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013