နိုင်ငံကူးလက်မှတ် လျှောက်ထားသူတွေကို UID နံပါတ်ပါမှ ပတ်စ်ပို့ ထုတ်ပေးမယ်လို့ ထုတ်ပြန်လိုက်တာဟာ ပြည်ပထွက်မယ့် လူငယ်တွေကို အကျပ်ရိုက်စေတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးအနေနဲ့ ပြည်သူတွေပတ်စ်ပို့စာအုပ် လုပ်မယ်ဆိုရင် နိုင်ငံသား ဟုတ်/မဟုတ် စိစစ်နိုင်ဖို့အတွက် ဧပြီ ၂၂ ရက်ကစလို့ UID နံပါတ် (Unique ID or Unique Identification Number) ပါမှ ထုတ်ပေးမယ်လို့ မတ်လ ၁၉ ရက်မှာ ထုတ်ပြန် ကြေညာတာပါ။
UID နံပါတ်ဟာ ဂဏန်း ၁၀ လုံး ပါတဲ့ အထောက်အထား တခုဖြစ်ပြီး၊ မှတ်ပုံတင်ပါ အချက်အလက်တွေကို ကွန်ပျူတာစနစ်ထဲ ရေးသွင်းထားတဲ့ စမတ်ကတ်ပြားပေါ်က နံပါတ်တွေ ဖြစ်ပါတယ်။ ပတ်စ်ပို့ လျှောက်သူတွေ UID နံပါတ် မရှိသေးရင် စာအုပ်ထုတ်ယူမယ့် ၁၀ ရက်အတွင်း သက်ဆိုင်ရာ မြို့နယ် လဝက ရုံးတွေမှာ အမြန်ဆုံး လျှောက်ထားကြဖို့ စစ်ကောင်စီက အသိပေးထားပါတယ်။
စစ်ကောင်စီ လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ e-ID စီမံကိန်းမှာ မြန်မာနိုင်ငံအတွင်း နေထိုင်သူတွေကို Unique ID တခုစီ ထုတ်ပေးတာ၊ နိုင်ငံတွင်း နေထိုင်သူ တဦးချင်းစီရဲ့ Biometric Data နဲ့ Biographic Data တွေ ကောက်ယူပြီး National Database တခု တည်ဆောက်ဖို့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
နည်းပညာ ကျွမ်းကျင်သူတဦးက “လောလောဆယ် သူတို့က သိရသလောက်တော့ National Database တခုကို တည်ဆောက်နေတယ်။ National Database မှာ ဘာတွေ ပါမလဲဆိုတော့ အားလုံး ပြည်သူတယောက်ချင်းစီရဲ့ အချက်အလက်တွေပါမယ်။ ဘယ်မှာနေတယ်၊ ဘယ်မှာမွေးတယ် အစရှိတဲ့ အချက်အလက်တွေ ပါမယ့် National Database တခု တည်ဆောက်နေတယ်။ ဒါကို အကောင်အထည် ဖော်နေတဲ့အချိန်မှာ သူတို့အနေနဲ့က Database ထဲ ပြည်သူတော်တော်များများက သူတို့ စာရင်းထဲ ရောက်လာဖို့ ကန့်သတ်ချက် တခုအနေနဲ့ ထည့်လိုက်တာ ဖြစ်တယ်။ နောက်ပိုင်းမှာ ပြည်တွင်းခရီးသွားတာဖြစ်ဖြစ်၊ ပြည်ပ ခရီးသွားတာဖြစ်ဖြစ် နောက်ထပ် ဒီလို ကန့်သတ်ချက်တွေ ဆက်ထွက်လာနိုင်တယ်”လို့ ပြောပါတယ်။
အခုလို ပြည်သူတွေရဲ့ အချက်အလက်ကို စုဆောင်းပြီး ကန့်သတ်ချက် အသစ်တွေ ထုတ်ပြန်တာဟာ ပြည်တွင်းက လူငယ်တွေကို ပိုပြီး အကျပ်ရိုက်စေတယ်လို့ ပြည်ပထွက်ဖို့ စီစဉ်နေတဲ့ လူငယ်တွေက ပြောပါတယ်။
ရန်ကုန်မှာ ဧည့်စာရင်းနဲ့ နေထိုင်သူတွေအနေနဲ့ ပတ်စ်ပို့ လုပ်မယ်ဆိုရင်လည်း သက်ဆိုင်ရာ လဝကရုံးတွေမှာ UID နံပါတ်ရဖို့ ငွေကြေး ပိုပေးရတဲ့ အခြေအနေတွေ ရှိတယ်လို့ ကိုယ်တိုင်ကြုံရသူတဦးက ပြောပါတယ်။
“အဓိကကတော့ UID မပါရင် Passport မထုတ်ပေးဘူးဆိုတော့အလုပ်ရှုပ်တာပေါ့။ နောက်တခုက နယ်ကျော်ပြီး လုပ်ရင် ပိုက်ဆံတောင်းတယ်။ ဥပမာ ကိုယ့်သန်းခေါင်စာရင်းက ပြည်မှာ နေတာက ရန်ကုန်မှာ ဧည့်စာရင်းနဲ့ဖြစ်နေရင် အဲ့ရပ်ကွက်ရဲ့ လဝကမှာလုပ်မယ်ဆို ပိုက်ဆံတောင်းတယ်။ ၂၀၀၀၀ ၊ ၂၅၀၀၀ ပေးရတယ်။ အဲ့တော့ တချို့အတွက်ကျတော့ အဆင်မပြေဘူး။ ပြီးတော့ ဒီဟာလုပ်မှ ပတ်စ်ပို့ထုတ်ပေးမယ် ဆိုတာကလည်း သူတို့ record ယူထားချင်လို့ပဲထင်တယ်။ UID နံပါတ်လေးတခုနဲ့ အကုန်မီးခိုးကြွက်လျှောက် ခလုပ်လေးနှိပ်တာနဲ့ အကုန်ပေါ်မယ်ပဲ ခံစားရတယ်။”
ပြင်ပပွဲစားတွေ၊ ကြားပွဲစားတွေ၊ ပတ်စ်ပို့ ပြုလုပ်ခ အဆမတန် တောင်းခံသူတွေကို အရေးယူမယ်လို့ စစ်ကောင်စီက ကြေညာထားပေမဲ့ လက်တွေ့မှာတော့ အမြန်ကြေး ပြုလုပ်ခ ကျပ် ၁၀ သိန်းကနေ သိန်း ၂၀ လောက်ထိ ပေးရတဲ့ အခြေအနေတွေ ရှိနေပါတယ်။
ပတ်စ်ပို့ ပြုလုပ်သူတဦးက “ပုံမှန်အတိုင်း ရက်ချိန်း အွန်လိုင်းကနေ ဘွတ်ကင်တင်ပြီး လျှောက်လို့ရနေတယ်။ ဘာမှတော့ အခက်အခဲ မရှိဘူး။ ဒါပေမဲ့ တချို့ နေရာတွေမှာ အမြန်လိုချင်ရင် အမြန်ကြေးနဲ့ လျှောက်တာတွေ ရှိတယ်။ အမြန်ကြေးက ၁၀ သိန်း ပတ်ဝန်းကျင်လောက်တော့ ရှိတယ်။ ကိုယ်နေတဲ့ ရန်ကုန်ဖြစ်ဖြစ်၊ မန္တလေးဖြစ်ဖြစ် ပြည်နယ်နဲ့တိုင်း ဒေသကြီးပေါ် မူတည်တယ်။ စမတ်ကတ်က စိတ်ချရလားဆိုတော့ခုခေတ် အခြေအနေမှာတော့ အသုံးဝင်မှုထက် လုံခြုံရေးပိုင်းကိုကြည့်ရင် ကိုယ့်ကိုယ်ကိုယ် မလုံခြုံမှုက ပိုများတယ်လို့ ထင်တယ်”လို့ ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးချိန်ကစလို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးတာတွေကို နည်းလမ်းပေါင်းစုံနဲ့ ကန့်သတ်ချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။
နိုင်ငံရေး မတည်ငြိမ်တာနဲ့ စစ်မှုထမ်း ဥပဒေ စတင်ကျင့်သုံးနေပြီနောက် ပြည်ပထွက်သူ ပိုမိုများပြားလာကာ ပတ်စ်ပို့ လျှောက်ထားသူတွေလည်း ပိုတိုးလာပါတယ်။
ပတ်စ်ပို့ လျှောက်သူ များပြားလွန်းတာကြောင့် ရန်ကုန် ပတ်စ်ပို့ရုံးမှာ တရက်ကို လူ အယောက် ၂၇၀၀ နှုန်းနဲ့ လုပ်ဆောင်ပေးနေပြီး နယ်ပတ်စ်ပို့ ရုံးတွေမှာလည်း နယ်ကျော် လုပ်ခွင့် မပေးတော့ဘဲ သတ်မှတ် လူဦးရေအတိုင်းသာ လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။
ဇွဲသစ်