Home
မြန်မာသတင်း
ရန်ကုန်တွင် ဓာတ်ဆီဈေးနှုန်း အနည်းငယ်တက်လာ
DVB
·
March 26, 2024
oil 2632024

ရန်ကုန်မြို့မှာ အခုမတ်လကုန်ပိုင်း စက်သုံးဆီ ဓာတ်ဆီဈေးဟာ ပြီးခဲ့တဲ့လဆန်းပိုင်းနဲ့ နှိုင်းယှဉ်ရင် ကျပ် ၈၀ နီးပါး ဈေးမြင့်တက်လာပြီး ဆိုင်အများစုမှာ ဓာတ်ဆီ အမျိုးအစားတွေဖြစ်တဲ့ 92 ၊ 95 နဲ့ ဒီဇယ် ၊ ပရီမီယမ်ဒီဇယ် အမျိုးအစားစုံ ဝယ်မရနိုင်သေးဘူးလို့   မြို့ခံ ယာဉ်မောင်းတွေဆီကနေ သိရပါတယ်။

မတ် ၂၆ ရက်မှာ ဓာတ်ဆီ   92 တလီတာ ကို   ၂၇၉၅ ကျပ် ပေါက်ဈေးရှိနေပြီး 95 တလီတာကိုတော့ ၂၉၀၀ ကျပ်အထိ ရှိနေတာပါ။

ပြီးခဲ့တဲ့ မတ် ၁ ရက်က ဈေးတွေနဲ့ နှိုင်းယှဉ်ရင် ဓာတ်ဆီဈေးဟာ ကျပ် ၈၀ နီးပါး ဈေးနှုန်းမြင့်တက်လာပေမဲ့ ဒီဇယ်နဲ့ ပရီမီယမ်ဒီဇယ်တွေကတော့ လဆန်းပိုင်းကထက် ကျပ်  ၅၀ နီးပါး  ဈေးကျလာတာပါ။

ပြီးခဲ့တဲ့လတွေက ဆီအကျပ်အတည်းဖြစ်ချိန်တုန်းကလို ညအိပ်တန်းစီစောင့်ပြီး စက်သုံးဆီ ဝယ်စရာမလိုတော့ပေမဲ့ ဆိုင်အများစုမှာ ဆီအမျိုးအစားစုံကို ခုချိန်ထိ ဝယ်ယူမရနိုင်သေးဘူးလို့ ရန်ကုန်နေ ပြည်သူတွေကို ဆက်သွယ်မေးမြန်းမှုအရ သိရပါတယ်။

ဆီဈေးတက်လာတဲ့အတွက် ကားခတွေလည်း အနည်းငယ်စီလိုက်ပြီး မြင့်တက်လာတယ်လို့ အငှားယာဉ်မောင်းတဦးက ပြောပြီး ဒီဇယ်ဆီကို အသုံးပြုရတဲ့ ကိုယ်ပိုင်ယာဉ်မောင်းတဦးကတော့  သူ့အနေနဲ့ ဒီဇယ်ဆီ ရောင်းတဲ့ ဆီဆိုင်ကို အချိန်ပေးပြီး ရှာဖွေနေရတယ်လို့ ပြောပြပါတယ်။

အငှားယာဉ်မောင်းတဦးက “ဆီဈေးက အရမ်းတော့မတက်ဘူး။ နည်းနည်းတော့တက်တယ်။ အရင်ကလောက် တန်းမစီရတော့ဘူး။ ရတဲ့ဆိုင်ရတယ်။ မရတဲ့ဆိုင်မရဘူး ခက်ခက်ခဲခဲကြီး အရင်ကလောက် ဆီရှာရတာတော့မဟုတ်ဘူး။ ပုံမှန်လေးတော့သွားနေကြတယ်။ ဆီဈေးတွေ တက်တယ်။ ဆီဈေးတက်တော့ ကားခတွေလည်း လိုက်တက်တယ်။  ၉၂ ရလိုက် ၉၅ ရလိုက် တချို့ဆိုင်တွေက နှစ်ခုလုံးရလိုက်ပေါ့။ အဲ့လိုလေးတွေရှိတယ်။ တချို့ဆိုင်တွေ ဒီနေ့ရတယ်၊ နောက်ရက်မရဖူးပေါ့၊ အဲ့လိုတွေသွားနေကြတာ”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ စက်သုံးဆီပြတ်လပ်မှုကို  တပတ်ကျော်ကြာ အဆိုးဆုံး ရင်ဆိုင်ရပြီး တဲ့နောက် ရန်ကုန်အပြင် တခြားမြို့ကြီးတွေမှာလည်း ဆီရဖို့ ညအိပ်တန်းစီစောင့်ဆိုင်းဝယ်ရတာ တွေ၊ အကန့်အသတ်နဲ့သာ ရောင်းတာတွေ ရှိခဲ့ပါတယ်။

မန္တလေးမှာတော့ ဓာတ်ဆီဈေးနှုန်းတွေက ရန်ကုန်ထက် တမျိုးကို ကျပ် ၅၀ လောက်များနေပြီး ဆီဆိုင်တွေကလည်း မကြာခဏပိတ်ထားတာတွေ ရှိတယ်လို့ မြို့ခံတွေက  ပြောပါတယ်

မန္တလေးမြို့ခံတဦးက “ဒီမှာ အရင်ကလောက်တော့ အရမ်းကြီး မခက်ခဲတော့ဖူးပေါ့ ။ ဒါပေမဲ့ အခြေခံလူတန်းစားတွေအတွက်ကျတော့ အခက်ခဲတွေရှိတယ်။ သူတို့လည်း ရသေ့စိတ်ဖြေ ဆိုသလိုပဲ၊ မရတာထက်စာရင် ဝယ်လို့ရနေသေးတာပဲတော်ပါသေးတယ်ဆိုပြီး နေကြတာ။ ဆီဆိုင်တွေက တပတ်  ၂ ရက်လောက်တော့ ပိတ်တယ်။ ဒါကလည်း ဖွင့်တဲ့ရက်များတော့ ဝယ်လို့တော့ အဆင်ပြေနေသေးတယ်ပြောရမယ်”လို့ ပြောပါတယ်။

ပြည်ပက တင်သွင်းလာတဲ့ စက်သုံးဆီတွေကို ရန်ကုန်သီလဝါဆိပ်ကမ်းကနေ တဆင့် ဒေသအသီးသီးက စက်သုံးဆိုင်တွေက ဝယ်ယူရောင်းချရတာဖြစ်ပြီး လက်ရှိမှာ လိုသလောက် ဝယ်ယူလို့မရတဲ့ အခြေအနေဖြစ်နေတဲ့အတွက် ဆီအရောင်းဆိုင်တွေမှာ ဆီပြတ်နေတာလို့ ဆီရောင်းဝယ်ရေးလုပ်သူတွေထံက  သိရပါတယ်။

သီဟ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013