Home
နိုင်ငံတကာ
နိုင်ဂျီးရီးယားတွင် ပြန်ပေးဆွဲခံရသည့် ကျောင်းသားနှင့် ဝန်ထမ်း ၁၀၀ ကျော်ကို ကယ်တင်
DVB
·
March 26, 2024
NIgeria_26032024

နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်းမှာ ဒီလအစောပိုင်းက ပြန်ပေးဆွဲခံခဲ့ရတဲ့ ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေ အယောက် ၁၀၀ ကျော်ဟာ စစ်တပ်က ကယ်တင်ခဲ့ပြီးနောက် မတ် ၂၅ ရက်မှာ ကာဒူနာမြို့ရှိ ဒေသန္တရအစိုးရ အဆောက်အဦတခုကို ပြန်ရောက်လာခဲ့ကြပြီလို့ ကာဒူနာပြည်နယ် အုပ်ချုပ်ရေးမှူး အူဘာ ဆာနီက ပြောပါတယ်။

သူတို့လွတ်မြောက်ရေးအတွက် နိုက်ရာငွေကြေး ၁ ဘီလီယံ ပေးချေဖို့ နောက်ဆုံးသတ်မှတ်ရက် မတိုင်ခင်မှာပဲ အိမ်နီးချင်း ဇမ်ဖာရာပြည်နယ်မှာ ဓားစာခံ ၁၃၇ ဦး ဖြစ်တဲ့ အမျိုးသမီး ၇၆ ဦးနဲ့ အမျိုးသား ၆၁ ဦးတို့ကို ကယ်ဆယ်နိုင်ခဲ့ကြောင်း မတ် ၂၄ ရက်မှာ စစ်တပ်က ကြေညာခဲ့ပါတယ်။

နိုင်ဂျီးရီးယားစစ်တပ်က ဗိုလ်မှူးချုပ် MLD ဆာရီးစ်ရဲ့ အဆိုအရ လွတ်မြောက်လာသူ ခြောက်ဦးကို ဆေးရုံတင်ထားရပြီး မကြာခင် ဆေးရုံပြန်ဆင်းလာမှာ ဖြစ်ကြောင်းနဲ့ ဓားစာခံ အရေအတွက် ၁၃၈ ဦးကို ဖမ်းဆီးထားတဲ့အထဲက ကျောင်းဝန်ထမ်းတဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

အမည်မဖော်လိုသူ လုံခြုံရေးသတင်းရင်းမြစ်တခုက ပြောကြားချက်အရ ပြန်ပေးငွေတွေ ပါရှိတဲ့ အနက်ရောင်အိတ် ၁၄ လုံးကို ဇမ်ဖာရာပြည်နယ်ရှိ ဒန်ဆာဒေါင်နယ်မြေကို ပို့ဆောင်ထားကြောင်း သိရပါတယ်။

အဘူဂျာရှိ သတင်းစာရှင်းလင်းပွဲမှာတော့ ပြန်ကြားရေးဝန်ကြီး မိုဟမ်မဒ် အစ်ဒ်ရစ်စ်က ဘာပြန်ပေးငွေမှ မပေးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

မတ် ၇ ရက်က နိုင်ငံအနောက်မြောက်ပိုင်း ကာဒူနာပြည်နယ် ကူရီဂါမြို့မှာ ပြန်ပေးဆွဲခံရတဲ့ ကျောင်းသားဦးရေ ၂၈၇ ဦးရှိကြောင်း ကျောင်းတာဝန်ရှိသူတွေနဲ့ ဒေသခံတွေက ပြောကြားပြီး ကာဒူနာပြည်နယ် အုပ်ချုပ်ရေးမှူး အူဘာ ဆာနီ ကတော့ လူ ၂၀၀ ကျော်လို့ ပြောထားပါတယ်။

ဒီလူအရေအတွက် ကိန်းဂဏန်း ကွဲလွဲမှုတွေကြောင့် ဖမ်းဆီးခံထားရတဲ့ ဓားစာခံတွေ ကျန်ရှိ မရှိ မရှင်းလင်းပါဘူး။

အုပ်ချုပ်ရေးမှူး ဆာနီ ကတော့ ဓားစာခံတွေအားလုံး လွတ်မြောက်လာပြီလို့ ကူရီဂါမြို့ အကြီးအကဲတွေကို ပြောထားပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်က နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ဘော်နိုပြည်နယ်ရှိ ချီဘော့ခ်နယ်မြေမှာ စာသင်ကျောင်းတကျောင်းကနေ မိန်းကလေး ၂၇၆ ဦးကို ဂျီဟတ်ဝါဒီ ဘိုကိုဟာရမ်က ပြန်ပေးဆွဲခဲ့ရာကနေ နိုင်ဂျီးရီးယားနိုင်ငံမှာ ကျောင်းသားပြန်ပေးဆွဲမှု စတင်ခဲ့တာပါ။

ချီဘော့ခ်ကျောင်းမှ ပြန်ပေးဆွဲခံရတဲ့ တချို့ မိန်းကလေးတွေ ခုထိ မလွတ်မြောက်သေးပါဘူး။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013