ပြင်သစ်အစိုးရဟာ အကြမ်းဖက်ခြိမ်းခြောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းပေးမယ့် သူ့ရဲ့ အော်ပရေးရှင်း ဆန်တီနဲလ်တပ်ဖွဲ့အတွက် စစ်သားအရေအတွက်ကို တိုးမြှင့်ပေးသွားမယ်လို့ ဝန်ကြီးချုပ် ဂယ်ဘရီယဲလ်အက်တာလ်က မတ် ၂၅ ရက်မှာ ပြောပါတယ်။
နိုင်ငံတဝန်း မီးရထားဘူတာရုံတွေ၊ ဝတ်ပြုရာနေရာတွေ၊ စာသင်ကျောင်းတွေနဲ့ ရုပ်ရှင်ရုံတွေလို နေရာတွေမှာ ဆန်တီနဲလ်တပ်ဖွဲ့က စောင့်ကြပ်နေတဲ့ ရှိထားပြီးသား တပ်ဖွဲ့ဝင်အင်အား ၃,၀၀၀ အပြင် နောက်ထပ် တပ်ဖွဲ့ဝင် အယောက် ၄,၀၀၀ ကို အသင့်အနေအထား တာဝန်ချထားမယ်လို့ အက်တာလ်က ပြောပါတယ်။
မော်စကိုမြို့အပြင်ဘက်ရှိ ကပွဲခန်းမတခုမှာ လူ ၁၃၇ ဦးကို သတ်ဖြတ်ခဲ့တဲ့ သေနတ်သမားတွေဟာ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းက ပြင်သစ်ကိုတိုက်ခိုက်ဖို့ ကြိုးပမ်းမှုနောက်ကွယ်မှ IS အဖွဲ့ရဲ့ တစိတ်တပိုင်းဖြစ်ကြောင်း သမ္မတ အီမန်နျူရယ် မက်ခရွန်က တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။
ဒါဟာ ပြင်သစ်အစိုးရက တနင်္ဂနွေနေ့မှာ နိုင်ငံရဲ့ လုံခြုံရေးသတိပေးချက်ကို အမြင့်ဆုံး အဆင့်အထိ တိုးမြှင့်လိုက်ရတယ် ဆိုတာကို ရှင်းပြပေးတာပဲလို့ သမ္မတ မက်ခရွန်နဲ့ ဝန်ကြီးချုပ် အက်တာလ်က ပြောပါတယ်။
နောက်ထပ် စစ်သားတွေကိုလည်း အသင့်အနေအထားမှာ ပြင်ဆင်ထားဦးမှာဖြစ်ပြီး စာသင်ကျောင်းတွေ အပါအဝင် အရေးကြီးနေရာတွေမှာ ကင်းလှည့်ဖို့ အသင့်ဖြစ်နေပြီလို့လည်း ဆိုပါတယ်။
Source/Photo-Reuters