အမေရိကန်ပြည်တွင်းလုံခြုံရေးဌာန (HSI) က ထောက်လှမ်းရေးတွေဟာ ဟစ်ပ်ဟော့ပ်ကြယ်ပွင့် ရှောင်ဒစ်ဒီကုမ်းစ်ကို စုံစမ်းစစ်ဆေးဖို့ အမှုဖွင့်ခဲ့ပြီး လော့စ်အိန်ဂျလိစ်နဲ့ မိုင်ယာမီမြို့တို့က သူနဲ့ဆက်စပ်နေတဲ့ ပိုင်ဆိုင်မှုတွေကို ရှာဖွေ စီးနင်းနေတယ်လို့ ပြည်တွင်းလုံခြုံရေးဌာန (HSI) ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက မတ် ၂၅ ရက်မှာ ပြောလိုက်ပါတယ်။
နယူးယောက်မြို့က ထောက်လှမ်းရေးတွေကိုလည်း စုံစမ်းမေးမြန်းဖို့ ညွှန်ကြားထားပါတယ်။ ဒစ်ဒီဟာ လိင်ကုန်ကူးမှုမှာ ပါဝင်ပတ်သက်မှုနဲ့ သူ့ရည်းစားဟောင်းက နိုဝင်ဘာလတုန်းက ဗဟိုတရားရုံးမှာ စွဲချက်တင်ထားပါတယ်။
ပြည်ထောင်စု အာဏာပိုင်တွေက ရက်ပ်ပါသူဌေးရဲ့ မိုင်ယာမီအိမ်အတွက် ရှာဖွေရေး ဝရမ်းကိစ္စကို ဆောင်ရွက်နေတယ်လို့ KNBC, KTTV နဲ့ တခြားရုပ်သံလိုင်းတွေက ထုတ်ပြန်ပါတယ်။
လော့စ်အိန်ဂျလိစ် အခြေစိုက် ရုပ်မြင်သံကြားဌာနတွေက တနင်္လာနေ့မှာ ဒစ်ဒီရဲ့ LA စံအိမ်ထဲကို HSI သူလျှိုတွေနဲ့ တခြားဥပဒေစိုးမိုးရေးအာဏာပိုင်တွေ ဝင်လာတာကို ဝေဟင်ကနေ ရိုက်ကူးထားတဲ့ ဗီဒီယိုမှတ်တမ်းတွေကို ထုတ်လွှင့်ရင်း ဒစ်ဒီရဲ့ ဟုမ်ဘီဟေးလ်စ် အိမ်ကို ဝင်စီးနင်းခဲ့တယ်လို့ ဖော်ပြပါတယ်။
တနင်္လာနေ့ အစောပိုင်းက HSI ရဲ့ နယူးယောက်၊ လော့စ်အိန်ဂျလိစ်၊ မိုင်ယာမီနဲ့ တခြား ဥပဒေစိုးမိုးရေး မိတ်ဖက်တွေဟာ စုံစမ်းစစ်ဆေးမှု အစိတ်အပိုင်းအနေနဲ့ ဥပဒေအရ ဆောင်ရွက်ခဲ့တယ်လို့ HSI ပြောရေးဆိုခွင့်ရှိသူတဦးက ရိုက်တာကို ပြောပါတယ်။ ထုတ်ပြန်ချက်ထဲမှာ စုံစမ်းစစ်ဆေးမှုရဲ့ သဘောသဘာဝကို အသေးစိတ် မဖော်ပြထားပါဘူး။
R&B တေးသံရှင် ကက်စန်ဒြာ ဗန်တူရာဟာဒစ်ဒီနဲ့ တချိန်က တွဲခဲ့ဖူးပြီး သူနဲ့ လက်မှတ်ရေးထိုးထားတဲ့ တေးဂီတအဖွဲ့မှာ ကက်စန်ဒြာကို ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှု၊ လိင်ကျွန်ပြုမှုနဲ့ မုဒိမ်းမှုတွေ ကျူးလွန်ခဲ့တယ်လို့ မန်ဟက်တန်က ပြည်ထောင်စုတရားရုံးမှာ နိုဝင်ဘာလလယ်က စွပ်စွဲခံခဲ့ရပါတယ်။
ဒစ်ဒီဟာ ၁၀ နှစ်ကြာ အသက်မွေးဝမ်းကြောင်းနဲ့ အချစ်ရေးဆိုင်ရာ ဆက်ဆံရေးမှာ ကက်စန်ဒြာကို ပုံမှန်အနိုင်ကျင့်ခဲ့တယ်လို့လည်း စွပ်စွဲထားပါတယ်။
ဒစ်ဒီကို ပြည်ထောင်စုဥပဒေ၊ နယူးယောက်နဲ့ ကယ်လီဖိုးနီးယားပြည်နယ် ဥပဒေတွေ အောက်က လိင်ကုန်ကူးမှုနဲ့ လူကုန်ကူးမှု ဥပဒေတွေကို ချိုးဖောက်မှုတွေကို ကိုးကားပြီး တရားစွဲဆိုထား ပါတယ်။
Source/Photo-Reuters