ရခိုင်ပြည်နယ်၊ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အနီးမှာ မတ် ၂၄ ရက်က ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အမ်းဒေသခံတွေက ပြောပါတယ်။
အမ်းမြို့အခြေစိုက် နပခ အနီးမှာ စစ်ကောင်စီက စစ်ကြောင်းထိုးလာတာကို ရက္ခိုင့်တပ်တော်က ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က အကျအဆုံးတွေ ရှိတယ်လို့ အမ်းမြို့ခံတဦးက ပြောပါတယ်။
“မနေ့က နေ့လယ်ပိုင်းမှာ နပခ ကနေ ထွက်လာတဲ့ စစ်ကြောင်းကို AA ဘက်က ကြားဖြတ်တိုက်ခိုက်တာလို့ သိရတယ်။ အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက် အကျအဆုံးတွေ ရှိတယ်လို့ ကြားတယ်။ စစ်ကောင်စီဘက်ကတော့ လေကြောင်းပစ်ကူတွေ၊ လက်နက်ကြီး ပစ်ကူတွေ တောက်လျောက်ပြုလုပ်ခဲ့ပြီးတော့ ဒီနေ့မှာလည်း ရဟတ်ယာဥ်နဲ့ လာပစ်သွားတာတွေ ရှိတယ်။”
အခုတိုက်ပွဲဖြစ်ပွားနေတဲ့ နေရာမှာ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) နဲ့ ၃ မိုင်ခန့်သာကွာဝေးတဲ့ ပြောင်သေရွာအနီးမှာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်အစပိုင်း ရခိုင်ရိုးမတောင်တန်းမှာရှိတဲ့ အမ်းမြို့နယ် ကမြင်းကန်ကျေးရွာ အနီးမှာလည်း မတ် ၂၄ ရက်က စစ်ကောင်စီနဲ့ AA တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
နပခ အနီးမှာတင် တိုက်ပွဲတွေ ဖြစ်ပွားလာပြီး စစ်ကောင်စီဘက်က အင်အားချည့်နဲ့ လာတာကြောင့် အမ်းမြို့အခြေစိုက် စစ်ကောင်စီရဲ့ နပခကို တိုက်ရင်တောင် တောင့်ခံနိုင်စွမ်း ရှိမှာမဟုတ်ဘူးလို့ အမ်းမြို့က စစ်ရေးအကဲခတ်သူ အမျိုးသားတဦးက ပြောပါတယ်။
“အမ်းမြို့အခြေစိုက် နပခ အနီးမှာတောင် AA ရဲ့ ထိုးစစ်တွေက ရှိလာပြီ။ စစ်ကောင်စီတပ်က အမ်းမြို့နယ် အတွင်းမှာလည်း အကျအဆုံးတွေ များလာတာကြောင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို လာတိုက်ရင်တောင် တောင့်ခံဖို့ အင်အားမရှိနိုင်တော့ဘူး။ တကယ်လာတိုက်ရင် ကျဖို့ပဲရှိတော့တယ်။”
မတ် ၂၄ ရက်က ဖြစ်ပွားခဲ့တဲ့ အမ်းမြို့နယ်ရှိ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ နီးပါး ကျဆုံးသွားတယ်လို့ ဒေသခံတွေက ပြောဆိုပေမဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။
စစ်ရေးပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော်က မြို့ကိုးမြို့အထိ သိမ်းပိုက်ရရှိထားပြီး စစ်ကောင်စီဘက်ကလည်း ရက္ခိုင့်တပ်တော် သိမ်းပိုက်ထားတဲ့ မြို့နယ်တွေကို နေ့စဥ်နီးပါး လေကြောင်းတိုက်ခိုက်နေတာကြောင့် အရပ်သား ထိခိုက် သေဆုံးမှုတွေ မြင့်တက်လာနေ ပါတယ်။
လက်ရှိမှာ ဘူးသီးတောင်၊ မောင်တော၊ အမ်း၊ တောင်ကုတ်နဲ့ ကျောက်ဖြူမြို့နယ်တို့မှာ စစ်ရေးတင်းမာမှုတွေ ရှိနေပါတယ်။