Home
မြန်မာသတင်း
တန့်ဆည်ပြည်သူ ၄ ဦးအားသတ်ဖြတ်ခဲ့သည့် စစ်တပ် နှင့် BNRA တို့တိုက်ပွဲဖြစ်၊ ရေတာရှည် ကျေးရွာအချို့ ဗုံးကြဲခံရ
DVB
·
March 26, 2024
yaeta 2632024

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း ကျွန်းတောကြီးရွာနဲ့ ယာတော်ရွာကြားမှာ မတ် ၂၅ ရက် နေ့ခင်း ၁၁ နာရီလောက်က စစ်ကောင်စီတပ်နဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) တပ်ခွဲတို့ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ခင်ဦးမြို့နယ် ဒေသခံတွေဆီကနေ သိရပါတယ်။

အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ တန့်ဆည်မြို့နယ်ဘက်ကနေ စတင်ထွက်လာပြီး ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌တန့်ဆည်မြို့နယ် ချောင်းရိုးရွာနဲ့ ရေဦးမြို့နယ် ဖန်းခါးဇင်းရွာက ပြည်သူလေးဦးကို သတ်ဖြတ်ပြီး ရွာကိုမီးရှို့ခဲ့ကာ ခင်ဦးမြို့နယ်အတွင်း ဝင်ရောက်လာချိန်မှာ အခုလို တိုက်ပွဲဖြစ်ခဲ့တာလို့ သိရပါတယ်။

ဒေသခံရွာသားတဦးက‌ “စစ်ကြောင်းလာပြီဆိုတဲ့သတင်း ရတာနဲ့ ကျမတို့ ခင်ဦးနယ် အနောက်ခြမ်းက သရက်ပင်စု၊ ကားဆိပ်၊ ယာတော်၊ မကျီးအုပ်၊ မြင်းဒေါင်း၊‌ ကျွန်းတောကြီး၊ မြင်းကျ၊ သာဝတ္ထိ၊ သရက်ကုန်း၊ တဲစု၊ ကင်းပြစ်၊ သာဂရ၊ အင်တိုင်းကြီး ကျေးရွာပေါင်း ၁၂ ရွာက ဒေသခံပြည်သူ ၁၀,၀၀၀ ထက်မနည်း နေရပ်စွန့်ခွာနေရတယ်။ ကျမတို့ရွာသားတွေ ရွာထဲက‌နေ ထွက်ပြေးပြီး မကြာဘူး မိုင်း‌‌ဆွဲတဲ့အသံတွေ၊ ပစ်ကြခတ်ကြတဲ့ အသံတွေ ကြားရတယ်။ အထိအခိုက်တော့ မသိရဘူး” လို့ ‌ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခံရပြီး ညနေ ၆ နာရီလောက်မှာ တဲစုကျေးရွာအတွင်းက ပြည်သူနေအိမ်တွေကို မီးရှို့ခဲ့တယ်လို့ သိရပြီး စစ်ကောင်စီ စစ်ကြောင်းရန်ကို ကြောက်လန့်လို့ ပြည်သူတွေ ရွာထဲမဝင်ရဲသေးတာကြောင့် မီလောင်ဆုံးရှုံးတဲ့ အရေအတွက်ကို မသိရသေးဘူးလို့လည်း ဆိုပါတယ်။

BNRA အဖွဲ့ တာဝန်ရှိသူက “ဝါသဝစစ်တပ် လာမယ်ဆိုတာသိလို့ မိုင်းခြောက်ပွိုင့်ထောင်ပြီး အဆင်သင့် နေရာယူ စောင့်ပြီး အလစ်ဝင်တိုက်ခိုက်ခဲ့တယ်။ မိုင်းငါးလုံး ဆွဲနိုင်ခဲ့တယ်ဗျ။ အထိအခိုက်ကတော့ စစ်(--)ဘက်က ငါးဦး ဒဏ်ရာပြင်းထန်ပြီး နှစ်ဦးသေတယ်လို့ သိထားရတယ်။ ကျနော်တို့ဘက်က မိုင်းဆွဲတာအပြင် ဘယ်တိမ်၊ RPG, လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ကတော့ ဒီနေ့ မတ် ၂၆ ရက် နေ့ခင်းပိုင်းအထိ ခင်ဦးမြို့နယ် ပျဉ်ထောင်ရွာအတွင်း တပ်စွဲနေထိုင်နေတယ်လို့ သိရပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ကျေးရွာတွေဖြစ်တဲ့ ရေတာရှည်လေး၊ ပိတောက်ကုန်း၊ ဂူကြီးကုန်း၊ အင်းကြီးပေါက်၊ ရေငံကျေးရွာတို့ကို မတ် ၂၅ ရက် မနက် ၁၀ နာရီခွဲလောက်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

တိုက်ပွဲမဖြစ်ဘဲ ကျေးရွာတွေကို စစ်ကောင်စီက Jet Fighter ၁ စီး၊ Mi 35 ၁ စီး၊ Su 30 ၁ စီးတို့နဲ့  ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်ကတော်လှန်ရေးရဲဘော်တယောက်က ပြောပါတယ်။

ဒါ့အပြင် ဆွာမြို့အထိုင်တပ်ကလည်း ၁၂၀ မမ လက်နက်ကြီးနဲ့ ထပ်မံပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူပိုင်နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြည်မဲ့ပြည်သူတွေရဲ့ အသက်အိုးအိမ်၊ စည်းစိမ်ကို လက်နက်အားကိုးနဲ့ ရည်ရွယ်ချက်ရှိရှိ တမင်ဖျက်ဆီးနေတာလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီက အရပ်သားပစ်မှတ်တွေကို လေကြောင်းအပါအဝင် လက်နက်ကြီးတွေနဲ့ လူမဆန်စွာပစ်ခတ်တိုက်ခိုက်နေတာကြောင့် ပြည်သူလူထုအနေနဲ့  နေအိမ်၀န်းကျင်တွေ ဗုံးခိုကျင်းတွေ တူးထားကြဖို့နဲ့ လေကြောင်းသတိပေးချက် ထွက်ပေါ်လာတိုင်း ဗုံးခိုကျင်းတွေထဲ အချိန်မီ၀င်ရောက်နေထိုင်ပေးကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013