မွန်ပြည်နယ်၊ ရေးမြို့နယ် အာယုတောင်ကျေးရွာနဲ့ စုံနံသာကျေးရွာကြားမှာရှိတဲ့ ခံသင်းတံတား စစ်ဆေးရေးဂိတ်ကို ဘီလူးနင်းမယ့်လမ်းဒုတိယမြောက် စစ်ဆင်ရေးအဖြစ် မတ် ၂၅ ရက်က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ငါးဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ရေဘီလူးအဖွဲ့ဆီက ပြောပါတယ်။
စစ်ကောင်စီအင်အား ၂၀ ခန့်ရှိတဲ့ ခံသင်းတံတားစစ်ဆေးရေးဂိတ်ကို မတ် ၂၅ ရက်နေ့ မနက် ခြောက်နာရီလောက်မှာ ရေးဘီလူးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး PDF နှစ်ဦးလည်း ကျဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
"စစ်တပ်ဂိတ်ထဲကို ပုံမှန်အတိုင်း ခြံစည်းရိုးဖျက်ပြီး ဝင်တိုက်တဲ့အချိန် သူတို့ထောင်ထားတဲ့ တိုက်မိုင်းတွေနဲ့ထိပြီး ကျနော်တို့ရဲဘော် နှစ်ဦးကျဆုံးပြီး နှစ်ဦးဒဏ်ရာရသွားတယ်။ စစ်ကောင်စီဘက်ကတော့ ငါးဦးကျသွားတယ်။ ကျနော်တို့ စခန်းသိမ်းဖို့ လာပေမဲ့ ရဲဘော်တွေရဲ့ အလောင်းကို ဆွဲထုတ်ဖို့ကိုပဲ ဦးစားပေးတဲ့အတွက် ပြန်ဆုတ်လာခဲ့ရပါတယ်။ ဒဏ်ရာရရှိတဲ့နှစ်ဦးကတော့ စိုးရိမ်စရာအခြေအနေမရှိပါဘူး။"
ခံသင်းတံတားစစ်ဆေးရေးဂိတ်တိုက်ပွဲမှာ လက်နက်အချို့လည်း ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
မွန်ပြည်နယ်အတွင်း ဘီလူးနင်းမယ့်စစ်ဆင်ရေးကို အကောင်အထည်ဖော်တော့မှာ ဖြစ်တာကြောင့် အချိန်မရွေး တိုက်ပွဲတွေ ဖြစ်လာနိုင်တဲ့အတွက် ပြည်သူတွေ သတိနဲ့ သွားလာနေထိုင်ဖို့ ရေးဘီလူးအဖွဲ့က မတ် ၁၀ ရက်မှာ သတိပေးစာ ထုတ်ပြန်ထားပါတယ်။
ရေးမြို့နယ်၊ ချောင်းတောင်တံတားရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ဘီလူးနင်းမယ့်လမ်း စစ်ဆင်ရေးအဖွင့်အနေနဲ့ ပြီးခဲ့တဲ့ မတ် ၁၄ ရက်က ရေးဘီလူးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်သား နှစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့ပါတယ်။