Home
မြန်မာသတင်း
ယင်းမာပင်နှင့် ဆားလင်းကြီးဒေသခံ ပြည်သူ ၁၀,၀၀၀ ကျော် စစ်ရှောင်နေရ
DVB
·
March 25, 2024
YinMarbin SarLinGyi WarVictims_25032024

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်အစပ်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေလို့ စစ်ကြောင်းတလျှောက် ကျေးရွာတွေရှိ ပြည်သူ ၁၀,၀၀၀ ကျော် စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ် ၂၅ ရက် မနက်ပိုင်းမှာ စစ်ကြောင်းက ဆားလင်းကြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ဆားလင်းကြီးမြို့နယ် ကံကုန်းရွာနဲ့ ဒုန်းတောရွာတဝိုက်မှာ တပ်စွဲထားတယ်လို့ သိရပါတယ်။

မတ် ၂၂ ရက်ကတည်းက မုံရွာ ရွှေတောင်ဦး ကွန်ပျူတာတက္ကသိုလ်ဝင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ မုံရွာ ရဲတပ်ရင်း-၂၈ မှ ရဲတပ်သား ပူးပေါင်းအင်အား ၂၅၀ လောက်က မြောက်ယမားချောင်းတဝိုက်က ယင်းမာပင်-ဆားလင်းကြီးအစပ်ကို စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။

စစ်ကြောင်းကြောင့် ဆားလင်းကြီးနဲ့ ယင်းမာပင်မြို့နယ် တဝိုက်က ကျေးရွာ ၂၀ လောက်က ရွာခံပြည်သူ ၁၀,၀၀၀ ကျော် အရေးပေါ် တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ဆားလင်းကြီး ဒေသခံတဦးက “ကံကုန်း၊ ဒုန်းတော၊ လင်းစာကျက်၊ ထန်းတောကြီး ရွာပေါင်း ၂၀ လောက်ရှိတယ်။ ယင်းမာပင်ဘက်က တလျှောက်လုံးရှောင်ရတာ။ ၂၄ ရက်နေ့ညက စစ်ကြောင်းအင်အား ထပ်ဖြည့်တယ်။ နောက်ထပ်လည်း ထပ်ဖြည့်ဦးမယ်ကြားတယ်။ ဝမ်ပေါင်ထဲကို သံချပ်ကာကားနဲ့ အင်အားဖြည့်နေတယ်” လို့ ပြောပါတယ်။

ရွာခံ ၁၀,၀၀၀ ကျော်ဟာ ယင်းမာပင်မြို့ပေါ်နဲ့ ဆားလင်းကြီးမြို့ပေါ်ဘက်ကို တိမ်းရှောင်နေရတာ သုံးရက်ရှိပြီး စားနပ်ရိက္ခာ လိုအပ်ချက်တွေလည်း ရှိနေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024