Home
မြန်မာသတင်း
ရခိုင်ပြည်နယ်၌ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခဖြစ်အောင် စစ်ကောင်စီ ကြိုးပမ်းနေ
DVB
·
March 25, 2024
SACProtestRakkhine_25032024

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေမှာ စစ်ကောင်စီက ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေ ဖြစ်ပွားစေဖို့ ကြိုးပမ်းလုပ်ဆောင်နေတယ်လို့ မတ် ၂၅ ရက်မှာ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) က ကြေညာပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ သူတို့ရဲ့ စစ်ရှုံးနေမှုတွေကို အာရုံလွဲသွားစေဖို့ ထိလွယ်ရှလွယ်တဲ့ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေ ဖြစ်ပေါ်စေရေး ဘူးသီးတောင်အခြေစိုက် အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၅) က ကြိုးကိုင်ပြီး မတ် ၁၉ ရက်မှာ ဘူးသီးတောင် ဆန္ဒပြပွဲတွေ လုပ်ဆောင်ခဲ့သလို မောင်တောမြို့နယ်မှာလည်း လုပ်ဆောင်ဖို့ ကြိုးပမ်းနေတာတွေ ရှိတယ်လို့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီက အခုလို ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေ ဖြစ်ပွားအောင် နိုင်ငံရေးထောင်ချောက်ဆင် ကြိုးပမ်းလာတာကြောင့် ရခိုင်ပြည်သူတွေအနေနဲ့ နိုင်ငံရေးအသိ၊ သမိုင်းထဲက အတွေ့အကြုံ၊ သင်ခန်းစာတွေနဲ့ သတိထားနေထိုင်ကြပြီး စစ်ကောင်စီရဲ့ လုပ်ရပ်တွေကိုလည်း သတိထား စောင့်ကြည့်ကြဖို့ တိုက်တွန်းထားပါတယ်။

ဘူးသီးတောင်မြို့မှာ မတ် ၁၉ ရက်က ဖြစ်ပေါ်ခဲ့တဲ့ မွတ်စလင်တွေရဲ့ AA ဆန့်ကျင်တဲ့ ဆန္ဒပြမှုမှာ ဒေသခံတွေဆန္ဒမပါဘဲ စစ်ကောင်စီဘက်က  ဖိအားပေး စေခိုင်းခဲ့တာဖြစ်တယ်လို့ ဘူးသီးတောင်မြို့နယ်က အမည်မဖော်လိုတဲ့ ဘာသာရေးဆရာတဦးက ပြောပါတယ်။

“မတ်လ ၁၉ ရက်က ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုတွေဟာ ဒေသခံ ရိုဟင်ဂျာ(မွတ်စလင်)တွေရဲ့ ဆန္ဒအတိုင်းမဟုတ်ဘဲ စစ်ကောင်စီဘက်က ငွေပေးပြီးတော့ ဖိအားပေးခဲ့တာလို့ သိရတယ်။ စစ်ရေးအရ ရှုံးနိမ့်လာတဲ့ စစ်ကောင်စီက လူ့အဖွဲ့အစည်းနှစ်ခုကြားမှာ အရင်ကလို ရန်တိုက်ပေးပြီး စစ်ပွဲကို အာရုံလွှဲချင်လာတာကြောင့် နှစ်ဖက်လူအဖွဲ့အစည်းအနေနဲ့ သတိကြီးကြီးထားပြီးတော့ တွေးတောဆင်ခြင်ကြပြီး စိတ်လိုက်မာန်ပါ မဖြစ်ကြဖို့ အရေးကြီးတယ်​” လို့ ပြောပါတယ်။

မောင်တောမြို့နယ်မှာလည်း မတ် ၂၀ ရက်က စစ်ကောင်စီက မွတ်စလင်တွေကို ငွေပေးပြီးတော့ ရက္ခိုင့်တပ်တော် (AA) ကို ဆန့်ကျင် ဆန္ဒပြဖို့ ဖိအားပေးတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ် ၁၉ ရက်နဲ့ ၂၀ ရက်နေ့တွေမှာ စစ်ကောင်စီက ဖိအားပေး စေခိုင်းမှုတွေကြောင့် ဘူးသီးတောင်မြို့နဲ့ စစ်တွေမြို့နယ်တို့မှာ မွတ်စလင်တွေက ရက္ခိုင့်တပ်တော် (AA) ကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းပြီး ရခိုင်ပြည်အတွင်းက မွတ်စလင်တွေကို စစ်သင်တန်းပေးကာ ရသေ့တောင်မြို့သိမ်းတိုက်ပွဲတွေမှာ ထည့်သွင်းပြီး တိုက်ခိုက်ခဲ့တာတွေရှိတယ်လို့ ULA ရဲ့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

စစ်ရေးပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီဘက်က ပူးပေါင်းတိုက်ခိုက်နေတဲ့ ဘယ်အဖွဲ့အစည်းကိုမဆို စစ်ကောင်စီတပ်သားအဖြစ်သတ်မှတ်ကာ တိုက်ခိုက်သွားမှာဖြစ်ပြီး “အာရက္ခဒေသအတွင်း ရက္ခိုင့်တပ်တော်မှလွဲ၍ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမှ မရှိစေရ” မူအတိုင်း ဆက်လက်ရပ်တည်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်း အကျိုးစီးပွားဖြစ်ထွန်းမယ့် ဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြုမယ့် ဘယ်နိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုမဆို အသတ်အမှတ်ပြု ကြိုဆိုပြီး ရင်းနှီးမြှုပ်နှံမှုတွေ၊ စီမံကိန်းတွေနဲ့ ရင်းနှီးမြှုပ်နှံလုပ်ကိုင်သူတွေရဲ့ လုံခြုံရေး အသက်အန္တရာယ်ကိုလည်း ULA ဘက်က ကာကွယ်စောင့်ရှောက်သွားမယ်လို့ ဆိုထားပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်တို့အကြား တိုက်ပွဲပြင်းထန်နေပြီး ရက္ခိုင့်တပ်တော်က ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ မြို့နယ် ၁၀ မြို့နယ်အထိ သိမ်းပိုက်ရရှိထားကာ မြို့နယ်သုံးမြို့ထက်မနည်းမှာလည်း စစ်ရေးပြင်းထန်နေဆဲ ဖြစ်ပါတယ်။

စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်က မြို့နယ်တွေမှာ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သားသေဆုံးမှုနဲ့ ပြည်သူပိုင် အဆောက်အဦတွေ ပျက်စီးမှုလည်း နေ့စဉ်နဲ့အမျှ တိုးလာနေပါတယ်။

စစ်ကောင်စီအနေနဲ့ စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေးတွေမှာ အကျပ်အတည်း ရောက်ရှိနေပြီး မြန်မာနိုင်ငံဟာလည်း ၁၉၄၈ ခုနှစ်နောက်ပိုင်း အဆိုးဝါးဆုံး အခြေအနေကို ရောက်ရှိနေတယ်လို့ ULA က ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013