Home
မြန်မာသတင်း
ဒိုက်ဦးတွင် ရဲတပ်ဖွဲ့ဝင်များ ဖွင့်ထားသည့် ကြက်ဝိုင်း၌ ပစ်ခတ်မှုဖြစ်ပြီး ၂ ဦးသေ၊ ၂ ဦး ဒဏ်ရာရ
DVB
·
March 25, 2024
DaikUShootGumbling_25032024

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးနဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး ပူးပေါင်းဖွင့်လှစ်ထားတဲ့ ဒိုက်ဦးမြို့နယ် ဆင်တဲကျေးရွာက ကြက်ဝိုင်းမှာ မတ် ၂၄ ရက် ညနေက ပစ်ခတ်မှုဖြစ်ပြီး အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဒိုက်ဦးမြို့နယ်၊ ဆာပါခြုံကျေးရွာအုပ်စု၊ ဆင်တဲကျေးရွာမှာ ရဲအစောင့်အရှောက်တွေနဲ့ ပြုလုပ်တဲ့ ကြက်ဝိုင်းမှာ လောင်းကစားလုပ်သူ အချင်းချင်း စကားများပြီး သေနတ်နဲ့ပစ်ခတ်ခဲ့လို့ နှစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

“ဒိုက်ဦးမြို့နယ်မှူးရုံးရော ညောင်လေးပင်ခရိုင်က ရဲတွေရော ပေးပြီလုပ်တဲ့ ကြက်ဝိုင်း၊ ရဲတွေ လုံခြုံရေးယူပေးထားတာ၊ ကြက်ဝိုင်းမှာ စကားများပြီး သေနတ်နဲ့ပစ်သွားတာ နှစ်ယောက်က ပွဲချင်းပြီး၊ နှစ်ယောက်ကလည်း အခြေအနေမကောင်းဘူး။”

ညောင်လေးပင်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးနဲ့ ဒိုက်ဦးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး လိုင်းကြေးကို ခွဲဝေယူကာ ဒိုက်ဦးမြို့နယ်အတွင်း ကြက်ဝိုင်း၊ အာဝါဒေးများ အများအပြား ဖွင့်လှစ်ထားတာကြောင့် အခုလို ပစ်ခတ်မှု ဖြစ်လာတာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“ဒိုက်ဦးရဲက PDF လာပစ်တယ်ဆိုပြီး စစ်ဒေသကို စာတင်တယ်။ အပစ်ခံရတဲ့ဘက်က လိုင်းကြေးတောင်းတဲ့ရဲက လာပစ်သွားတယ် ပြောနေတယ်။ သတင်းတွေက အဲ့လိုထွက်နေတာ၊ ပြဿနာက အခြေခံက ပိုက်ဆံယူပြီး ရွာဘက်တွေမှာ လောင်းကစားဝိုင်းတွေ ဖွင့်ခွင့်ပြုတာပဲ။”

ဆင်တဲကျေးရွာ ကြက်ဝိုင်းပစ်ခတ်မှုမှာ ဇလုပ်ကြီးကျေးရွာနေ ကိုမိုးမင်းဦးနဲ့ မှော်အင်းကျေးရွာနေ မကေသွယ်မိုးတို့ သေဆုံးပြီး ဒိုက်ဦးမြို့ပေါ်နေသူ ဗိုလ်ထွတ်နဲ့ ဒိုးတန်းကျေးရွာနေ ကိုမျိုးဝင်းတို့ ဒိုက်ဦးဆေးရုံမှာ ဆေးကုသမှု ခံနေတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

မတ် ၁၅ ရက် ညနေ ၃ နာရီကလည်း ရွှေကျင်မြို့နယ်၊ ဝင်းခနိမ်ကျေးရွာက ရာဘာခြံတခုအတွင်း လောင်းကစားဝိုင်းမှာ ဗုံးပေါက်ခဲ့ပြီး အမျိုးသားရှစ်ဦးနဲ့ အမျိုးသမီး ငါးဦး ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013