Home
မြန်မာသတင်း
လွိုင်ကော်မြို့၌ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တွေများ တိုက်ပွဲပြင်းထန်
DVB
·
March 25, 2024
Kndf_22022023

ကရင်နီ(ကယား)ပြည်နယ်၊ မြို့တော် လွိုင်ကော်မှာ ကရင်နီတော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတယ်လို့ ကရင်နီအမျိုးသားများတော်လှန်ရေးတပ် (KNDF) ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောတယ်။

လွိုင်ကော်မြို့ကို ကရင်နီတော်လှန်ရေးတပ်တွေက နိုဝင်ဘာလ  ၁၁၁၁ စစ်ဆင်ရေး စတင်ချိန်ကတည်းက ဝန်းရံတိုက်ခိုက်နေတာဖြစ်ပြီး မတ် ၂၄ ရက်အထိ လွိုင်ကော်မြို့ထဲမှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်နေပါတယ်။

မြို့ပေါ်ရပ်ကွက်တွေကို ကရင်နီတော်လှန်ရေးတပ်တွေက စိုးမိုးထားပြီး စစ်ကောင်စီတပ်တွေကလည်း လှုပ်ရှားစစ်ကြောင်းတွေနဲ့ မြို့ပေါ်နေရာတချို့ကို ထိုးဖောက်လာတာတွေ ရှိနေတဲ့အတွက် တိုက်ပွဲတွေ ပြင်းထန်နေရတာလို့  ဆိုပါတယ်။

လွိုင်ကော်မြို့ထဲမှာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)နဲ့ တခြားတပ်စွဲထားရာနေရာတွေမှာ စစ်ကောင်စီတပ်တွေ ရှိနေပြီး အပြင်းအထန်ခုခံတိုက်ခိုက်နေကြပါတယ်။

ဒါ့အပြင် ရွာသစ်၊ မော်ချီးနဲ့ မယ်စဲ့မြို့နယ်တွေက စစ်ကောင်စီတပ်တွေလည်း တပ်ဆုတ်လာပြီး လွိုင်ကော်မှာ အင်အားဖြည့်တင်းတာတွေ လုပ်နေတယ်လို့ ကရင်နီအမျိုးသားများ တော်လှန်ရေးတပ် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“လွိုင်ကော်မှာ တိုက်ပွဲတွေက နေ့စဉ်နဲ့အမျှ ဖြစ်နေတယ်။ နေ့တိုင်းနီးပါး ထိတွေ့တိုက်ပွဲတွေ ရှိတယ်။ စစ်ကောင်စီဘက်ကနေပြီး မြို့ပေါ်ရပ်ကွက်တချို့မှာ ပြန်ပြီးစိုးမိုးနိုင်ဖို့ စစ်ကြောင်းနဲ့ လှုပ်ရှားတာတွေ ရှိတယ်။ အထူးသဖြင့် ဝန်ထမ်းအိမ်ရာရှိတဲ့ လေယာဉ်ကွင်းဘက်မှာ ဖြစ်ပါတယ်။ အဲဒီဘက်မှာ နေ့စဉ်လိုလို တိုက်ပွဲတွေရှိပါတယ်။ တော်လှန်ရေးတပ်တွေက မြို့ပေါ်ရပ်ကွက် အတော်များများကို ထိန်းချုပ်ထားတယ် စိုးမိုးထားတယ်။ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်တွေကို ခုခံတိုက်ခိုက်နေတာရှိပါတယ်။”

၁၁၁၁ စစ်ဆင်ရေးနောက်ပိုင်း ကရင်နီတော်လှန်ရေးတပ်တွေရဲ့ စိုးမိုးနယ်မြေတွေ ကျယ်ပြန့်လာပြီး မယ်စဲ့၊ ဒီးမော့ဆို၊ ရွာသစ်၊ ရှားတော၊  မော်ချီး၊ မိုးဗြဲ၊ နန်းဖယ်ခုံ စတဲ့ ခုနစ်မြို့ကို တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားပါတယ်။

ကရင်နီပြည်နယ်ရဲ့ ၉၀ ရာခိုင်နှုန်းထိ ထိန်းချုပ်ထားနိုင်ပြီလို့လည်း တော်လှန်ရေးတပ်တွေဘက်က ပြောပါတယ်။

 KNDF ပြန်ကြားရေးတာဝန်ခံက “ကရင်နီပြည်တဝန်းလုံးအနေနဲ့တော့ တော်လှန်ရေးတပ်တွေက ၉၀ ရာခိုင်နှုန်းလောက်ကို ထိန်းချုပ်ထားနိုင်တယ်။ စစ်ကောင်စီတပ်တွေက သူတို့တပ်တွေရှိတဲ့ ဧရိယာလောက်ကိုပဲ စိုးမိုးထားနိုင်တဲ့အနေအထားမျိုး ဖြစ်သွားပါပြီ”လို့ ပြောပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်မှာ တော်လှန်ရေးတပ်တွေက စစ်စခန်း ၆၅ ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNDF တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထိန်းချုပ်ထားနိုင်တဲ့ ဖရူဆို၊ ရှားတော၊ မယ်စဲ့၊ ဒီးမော့ဆိုမြို့နယ်တွေ အပါအဝင် ဖားဆောင်းနဲ့ လွိုင်ကော်က နေရာအချို့မှာ ပြည်သူတွေ ပါဝင်တဲ့ အုပ်ချုပ်ရေးယန္တရားတွေ စတင်နေပြီလို့လည်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ဆီက သိရပါတယ်။ 

သီဟ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013