ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ မြန်မာအမျိုးသမီး ခါးပိုက်နှိုက် ငါးဦးကို ဖမ်းဆီးရမိတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။
ဒီအမျိုးသမီးတွေဟာ မြဝတီဘက်ကနေ ယာယီနယ်စပ်ဖြတ်လက်မှတ်လုပ်ပြီး အမှတ် ၁ ချစ်ကြည်ရေးတံတားကနေ မဲဆောက်ဘက် ဝင်လာတယ်၊ ခါးပိုက်နှိုက်မှု ကျူးလွန်ပြီးရင် မြန်မာဘက်ခြမ်းကို နေ့ချင်းပြန်တယ်၊ စီစီကင်မရာတွေကနေ သူတို့ပုံတွေ မှတ်တမ်းတင်ထားပြီး မတ် ၂၄ ရက် ညနေ ၅ နာရီခွဲမှာ ဖမ်းဆီးလိုက်တာလို့ မဲဆောက်မြို့မရဲစခန်း တာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။
မတ် ၁၀ ရက်က မဲဆောက်ဈေးကြီးရှိ ရွှေဆိုင်တဆိုင်မှာ အသက် ၆၀ အရွယ် မြန်မာအမျိုးသမီးကြီး တဦး ခါးပိုက်နှိုက်ခံရပြီး ဘတ်ငွေ ၈၄၀၀၀ ပါသွားကြောင်း ရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့ပါတယ်။
အိတ်ကိုဘေးမှာလွယ်ထားပြီး ရွှေထည်ဝယ်ယူဖို့ ရွေးချယ်ကြည့်ရှုနေစဉ် ဘေးမှာလည်း အမျိုးသမီး လေး၊ ငါးဦး လောက် အုံနေကြောင်း၊ အစပိုင်းမှာသူလည်း ရွှေလာဝယ်သူချင်းဆိုပြီး အမှုမဲ့ အမှတ်မဲ့နေခဲ့တယ်၊ ၁၀ မိနစ်လောက်အကြာ ရွှေဖိုးငွေချေမယ်လုပ်တော့ အိတ်အဖောက်ခံရတာ သိလိုက်ပြီး ငွေတွေပါသွားတာလို့ ဆိုပါတယ်။
ရဲစခန်းက ရွှေဆိုင်မှာရှိတဲ့ စီစီကင်မရာကို ပြန်စစ်ဆေးရာမှာတ အမျိုးသမီး ခြောက်ဦးက ပူးပေါင်းပြီး လူကွယ်ပေးသူ၊ အိတ်ဖောက်သူ၊ ခါးပိုက်နှိုက်ရငွေကို လက်ဆင့်ကမ်းယူသူ စသဖြင့် တာဝန်ခွဲပြီး ဂိုဏ်းလိုက်ကျူးလွန်တာလို့ ဆိုပါတယ်။
ခေါင်းဆောင်မှာ အသက် ၄၀ နှစ်အရွယ်ရှိ မစန်းစန်းဝင်း ဖြစ်ပြီး ကျန်အဖွဲ့ဝင် ငါးဦးမှာ အသက် ၂၅ မှ ၄၁ နှစ်ထိရှိကြောင်း၊ အသက် ၃၀ နှစ်ရွယ် အထွေး ဆိုသူမှာ ထွက်ပြေး လွတ်မြောက်နေတယ်လို့ ဆိုပါတယ်။
သူတို့ ငါးဦးကို ခိုးမှု၊ လုယက်မှု၊ ခါးပိုက်နှိုက်မှု၊ ပူးပေါင်းကြံစည်မှုတွေနဲ့ အမှုဖွင့်ပြီး အရေးယူသွားမယ်လို့ မဲဆောက်ရဲတပ်ဖွဲ့က ပြောပါတယ်။
Source: ThaiRath