Home
မြန်မာသတင်း
တောင်ကြီးတွင် စစ်မှုထမ်းမည့်သူများကို ပေးရန် ၁ အိမ် ငွေ ၁ သိန်း တောင်းယူနေ
DVB
·
March 25, 2024
Taunggyi_25032024

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ စစ်တပ်ထဲဝင်ပြီး စစ်မှုထမ်းသွားမယ့်သူတွေကို ထောက်ပံ့ဖို့အတွက် ရပ်ကွက်အလိုက် အုပ်ချုပ်ရေးမှူးတွေက တအိမ်ကို ငွေတသိန်း ကောက်ခံနေတယ်လို့ သိရပါတယ်။

မတ် ၁၅ ရက်ကစပြီး အုပ်ချုပ်ရေးမှူးတွေက လူစာရင်းကောက်တာ၊ ရပ်ကွက်ရုံးကို ဆင့်ခေါ်တာ၊ မဲနှိုက်ပြီး လူရွေးချယ်တာတွေ လုပ်ဆောင်အပြီးမှာ ငွေကောက်ဖို့ ပြောဆိုလာတာလို့ သိရပါတယ်။

တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်မှာနေတဲ့ မြို့ခံအမျိုးသမီးတဦးက “တအိမ်ကို တသိန်းကောက်တာ။ ခြောက်လတခါ ထပ်ထည့်ရမှာတဲ့။ ခြောက်သုတ်ခေါ်တဲ့အတွက် ငွေခြောက်သိန်း ထည့်ပေးရမယ်တဲ့။ ဘယ်တတ်နိုင်မလဲ ဒီအချိန်မှာ အသက်ရှင်နေတော့ ပေးရမှာပဲ။ အစည်းအဝေးလုပ်ပြီး ပြောသွားတာ။ ဘယ်နေ့ နောက်ဆုံးထည့်ရမလဲဆိုတာ တရက် နှစ်ရက်နေရင် အစည်းအဝေးထပ်လုပ်ပြီး ပြောမယ်တဲ့” လို့ ပြောပါတယ်။

ရပ်ကွက်တခုနဲ့တခုမှာ အိမ်ခြေအနည်းအများအပါ် မူတည်ပြီး ကောက်ခံတဲ့နှုန်းထား မတူညီဘူးလို့ သိရပါတယ်။

ကျောင်းကြီးစုရပ်ကွက်က အမျိုးသားတဦးက “သူတို့ လူငှားဖို့လို့လည်း ပြောတယ်။ သွားတဲ့လူက တယောက်ကို သိန်း ၁၀၀ ပေါ့။ အဲ့အတွက်ကို မဲပေါက်တဲ့အိမ်ရော မပေါက်တဲ့အိမ်ရော ပြီးတော့ အသက်အရွယ်လွတ်တဲ့ အိမ်ရောဆိုတော့ တချို့လည်း မထည့်ချင်ဘူး၊ တချို့လည်း မထည့်နိုင်ဘူး၊ မထည့်လို့လည်းမရဘူး၊ မထည့်ရင် သွားခိုင်းတယ်” လို့ ပြောပါတယ်။

စစ်မှုထမ်းဖို့ အသက်အကျုံးဝင်တဲ့ လူတဦးက နေအိမ်မှာမရှိရင် ကျန်ရှိတဲ့ မိဘအုပ်ထိန်းသူ သို့မဟုတ် ဆွေမျိုးသားချင်း တဦးဦးက ခိုင်လုံတဲ့ အကြောင်းပြချက် ပေးနိုင်ရမယ်လို့ စစ်မှုထမ်းဆင့်ခေါ်ရေး ရပ်ကျေးအဖွဲ့က ပြောဆိုထားပါတယ်။

အကြောင်းပြချက် မခိုင်လုံရင် တရားခံပြေးအဖြစ် သတ်မှတ်မှာဖြစ်ပြီး စစ်မှုမထမ်းချင်ဘဲ တိမ်းရှောင်သွားရင် အုပ်ထိန်းသူကို တာဝန်ယူခိုင်းမှာလို့ အစည်းအဝေးတွေထဲမှာ ပြောဆိုထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024