Home
နိုင်ငံတကာ
မော်စကိုဂီတပွဲ တိုက်ခိုက်မှု IS လက်ချက် ဆိုခြင်းကို ရုရှား သံသယရှိနေ
DVB
·
March 25, 2024
CrocusCityHall_25032024

သေဆုံးသူ ၁၃၇ ဦးအထိ ရှိလာပြီး ဒဏ်ရာရသူ ၁၈၂ ဦးရှိတဲ့ မော်စကိုမြို့ပြင် ဂီတဖျော်ဖြေပွဲ အကြမ်းဖက်ခံရမှုဟာ IS လက်ချက်ဆိုတဲ့ ထုတ်ပြန်ချက်တွေကို သံသယရှိတဲ့ပုံစံမျိုး ရုရှားဘက်က တုံ့ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ သောကြာညက ခရိုးကပ်စ်မြို့တော်ခန်းမမှာ ကျင်းပနေတဲ့ ရော့ခ်ဂီတအဖွဲ့ Picnic ရဲ့ ဖျော်ဖြေပွဲကို သေနတ်သမားလေးဦးက ဝင်ရောက်ပစ်ခတ်ခဲ့တာပါ။

ပစ်ခတ်သူ လေးဦးစလုံးကို ဖမ်းမိထားပြီး အကြမ်းဖက်မှုနဲ့ မတ် ၂၄ ရက်နဲ့ ၂၅ ရက်နေ့တွေမှာ သီးခြားစီ ရမန်ယူခဲ့ပါတယ်။

သူတို့ကို မော်စကိုက ဘက်စ်မန်နီခရိုင် တရားရုံး လှောင်အိမ်ထဲမှာထည့်ပြီး ရုံးထုတ်၊ ရမန်ယူခဲ့တာ ဖြစ်ပါတယ်။

IS က အခုကြမ်းဖက်မှုဟာ သူတို့လက်ချက်လို့ အတည်ပြုထားပြီး တိုက်ခိုက်မှု ပုံရိပ်တွေတောင် ထုတ်ပြန်ထားပါသေးတယ်။

အမေရိကန်ထောက်လှမ်းရေးကလည်း IS လက်ချက်လို့ ကောက်ချက်ချထားပါတယ်။ ဒါပေမဲ့ သမ္မတ ဗလာဒီမာပူတင်ရဲ့ ပြောကြားချက်မှာ IS အဖွဲ့ဆိုတာ လုံးဝမသုံးသွားဘဲ သေနတ်သမားတွေဟာ ယူကရိန်းဘက်ကိုပြေးဖို့ ကြံစည်ခဲ့ကြောင်း၊ ယူကရိန်းဘက်က လူတချို့က ဒီလို ပြေးဝင်ခိုအောင်းနိုင်အောင် ပြင်ဆင်ထားပေးကြောင်းတွေပဲ ပြောသွားခဲ့ပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး မာရီယာ ဇာခါရိုဗာကလည်း “အိမ်ဖြူတော်ကို မေးခွန်းတခုလောက် မေးချင်ပါတယ်။ ISIS ဆိုတာ သေချာရဲ့လား၊ ထပ်စဉ်းစားကြည့်ပါဦး” လို့ မေးခွန်းထုတ်ထားပါတယ်။

ဇာခါရိုဗာဟာ ကွန်ဆိုမိုလ်စကာရာပရာဗာဒါ သတင်းစာမှာ ဆောင်းပါးရေးသားပြီး ခုလို မေးခွန်းထုတ်ခဲ့တာပါ။

အမေရိကန်ဟာ ယူကရိန်းမှာရှိတဲ့ သူ့နေရာတွေကို ကာကွယ်ဖို့အတွက် “ကလေးတွေကို မကောင်းဆိုးဝါးကောင်ကြီး၊ ဒေဝေါကြီးနဲ့ ခြောက်သလိုမျိုး” IS ဆိုတဲ့အဖွဲ့နာမည်ကို အသုံးချနေတာလားလို့လည်း မေးခွန်းထုတ်ခဲ့ပါတယ်။

ဒါ့အပြင် တချိန်က ဆိုဗီယက်တွေကို တိုက်ခိုက်ခဲ့တဲ့ “မူဂျာဟစ်ဒင်” တွေကို အမေရိကန်ကပဲ လေ့ကျင့်ပေးခဲ့တယ်ဆိုတာလည်း မမေ့ကြဖို့ ရေးသားထားပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024