ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ စစ်ကောင်စီက နယ်မြေခံတပ်တွေနဲ့ပူးပေါင်းကာ ရပ်ကွက်နဲ့ ကျေးရွာတွေမှာရှိတဲ့ လူငယ်တွေကို ငွေနဲ့ ရိက္ခာပေးပြီး ပြည်သူ့စစ်သင်တန်းတွေ ဆက်တိုက်ပေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
သံတွဲမြို့ပေါ်က ၁ ရပ်ကွက်မှ ၇ ရပ်ကွက်အတွင်းရှိ လူငယ်တွေကို စစ်ကောင်စီက ရိက္ခာတွေပေးကာ ပြည်သူ့စစ်သင်တန်းကို တက်ခိုင်းတာလို့ ဒေသခံတဦးက ဒီဗွီဘီ ကိုပြောပါတယ်။
“တရက်ကို ကျပ် ၅၀၀၀ ပေးတယ်။ ဆန် ၈ ပြည်နဲ့ ဆီတပိဿာ ပေးတယ်။ သင်တန်းဆင်းပြီးရင် လစာပေးမယ်လည်း ပြောတယ်။ လူတိုင်းတော့ မတက်ဘူး။ စစ်တပ်နဲ့ ဆက်နွှယ်တဲ့လူတွေပဲ တက်တာ။”
ငပလီအခြေစိုက် အမှတ် ၅၅ ခြေမြန်တပ်ရင်းမှာ ဒုတိယကြိမ်မြောက် ပြည်သူ့စစ်သင်တန်းကို မတ် ၂၁ ရက်မှာ သင်တန်းပေးနေတယ်လို့ မြို့ခံတဦးက ဒီဗွီဘီ ကိုပြောပါတယ်။
“သင်တန်းပေးပြီးတဲ့သူတွေကို လစဥ်ပုံမှန် တသိန်းခွဲပေးတယ်။ အိမ်ကို ရိက္ခာပေးတယ်။ ဒါတောင် သင်တန်းသားပြည့်ဖို့ အတော်ရှာရတာ။ ရခိုင်က ကချင်ကဝါရာဇွပ်အဖွဲ့လို ပြည်သူ့စစ်အဖွဲ့တွေ ပေါ်အောင် လုပ်တာ။”
လတ်တလောမှာ ပြည်သူ့စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်တဲ့အနေနဲ့ စစ်မှုထမ်း ဆင့်ခေါ်တဲ့ကိစ္စမှာ သံတွဲမှာရှိတဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ တာဝန်က နုတ်ထွက်သွားတာလည်း ရှိပါတယ်။
အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက “သံတွဲမှာ စစ်မှုထမ်းစာရင်းကောက်မယ်ဆိုတဲ့ သတင်းထွက်ပြီးကတည်းက ထွက်စာတင်ထားတဲ့ အုပ်ချုပ်ရေးမှူး ၁၅ ယောက်လောက်ရှိတယ်။ ပြောချင်တာ စစ်တပ်ကပဲ ဘင်္ဂါလီတွေရော မွတ်စလင်တွေကိုပါ စစ်သင်တန်းပေးနေတာ” လို့ ပြောပါတယ်။
သံတွဲမြို့မှာ မတ် ၁ ရက်က စစ်မှုထမ်းဆင့်ခေါ်ဖို့ ညွှန်ကြားချက်ထွက်ပြီးနောက် လူငယ်တွေလည်း ပြည်ပနိုင်ငံတွေကို ထွက်ပြေးတာတွေလည်း များပြားလာနေပါတယ်။