Home
မြန်မာသတင်း
ကရင်စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာများ ထိုင်းနိုင်ငံက ပထမဆုံးအသုတ် ပေးပို့  
DVB
·
March 25, 2024
ThaiSupportToIDPs 4_25032024
ThaiSupportToIDPs 1_25032024
ThaiSupportToIDPs 2_25032024
ThaiSupportToIDPs 3_25032024

ကရင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်ပြည်သူတွေအတွက် ထိုင်းကြက်ခြေနီအသင်းနဲ့ မြန်မာကြက်ခြေနီအသင်းတို့ ပူးပေါင်းပြီး စားနပ်ရိက္ခာတွေကို ပထမဆုံးအသုတ်အဖြစ် မတ် ၂၅ ရက် ဒီနေ့မနက် စတင် ပို့ဆောင်ပေးနေပါတယ်။

ကရင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်ရတဲ့ ပြည်သူတွေ ပိုမိုများနေလာပြီး တောတောင်တွေထဲမှာ အခက်ခဲများစွာနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေတာကြောင့် ထိုင်းနိုင်ငံခြားရေးဌာနက ဦးဆောင်ကာ နှစ်နိုင်ငံ ကြက်ခြေနီအသင်းတွေ ပူးပေါင်းပြီး လူသားချင်းစာနာမှုအကူအညီတွေ ပေးပို့တာ ဖြစ်ပါတယ်။

အကူအညီပေးရေးပစ္စည်းတွေကို ထိုင်းနိုင်ငံ မဲဆောက်မြို့ကနေ မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ် ၂ တံတားတဆင့်   မြန်မာကုန်တင်ကားကြီးတွေနဲ့  ဒီနေ့ မနက် ၇ နာရီလောက်က စတင်ပို့ဆောင်တာ ဖြစ်ပါတယ်။

အဆိုပါစားနပ်ရိက္ခာတွေကိုတော့ ကရင်ပြည်နယ်အတွင်းရှိ နဘူးရွာ၊ သာမညရွာနဲ့ ပိုင်ကျုံရွာ ၃ ရွာမှာရှိတဲ့ စစ်ဘေးရှောင် မိသားစု ၄၀၀၀ လောက်အတွက်ပေးအပ်မှာ ဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ကနေ သိရပါတယ်။

အကူအညီပေးပို့တဲ့ ရိက္ခာတွေဟာ ပထမအသုတ်ဖြစ်နေတဲ့အတွက် လုံလောက်မှု ရှိ၊ မရှိကို စောင့်ကြည့်ရမှာဖြစ်ကြောင်းနဲ့ မြန်မာကြက်ခြေနီ အသင်းဟာ စစ်ကောင်စီရဲ့ ဩဇာခံ ဖြစ်နေတဲ့အတွက် အကူအညီတွေ ရာခိုင်နှုန်းပြည့်မရမှာကို စိုးရိမ်တယ်လို့ စစ်ရှောင်ဒုက္ခသည် တဦးက ပြောပါတယ်။

ထိုင်းအစိုးရဟာ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှုအကူအညီတွေကို နယ်စပ်ကနေ ပေးပို့ဖို့ အာဆီယံ အပါအဝင် နိုင်ငံတကာရဲ့ အားပေးထောက်ခံမှုရယူပြီး လုပ်ဆောင်နေတာ ဖြစ်ပြီး မြန်မာစစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ဆောင်ပါက လိုအပ်သူတွေထံ အကူအညီတွေ မရောက်မှာကို အရပ်ဘက်အဖွဲ့အစည်းတွေကလည်း ဝေဖန်ထောက်ပြနေကြတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013