Home
မြန်မာသတင်း
စစ်မှုထမ်းဥပဒေကြောင့် ပြည်ပတွင် အလုပ်လုပ်သူများ သင်္ကြန်တွင်း နေရပ်မပြန်လိုကြ
DVB
·
March 24, 2024
Singapore_24032024

မြန်မာပြည်တွင်း စစ်ရေးပဋိပက္ခနဲ့ လူငယ်လူလတ်ပိုင်းတွေ စစ်ထဲဝင်ရမယ့် စစ်ကောင်စီရဲ့  ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့်  ထိုင်း၊ စင်ကာပူ၊ မလေးရှား စတဲ့ ပြည်ပနိုင်ငံတွေမှာ အလုပ်လုပ်နေကြတဲ့ မြန်မာတွေ နေရပ်မပြန်လိုကြဘူးလို့ ပြောကြပါတယ်။

ပုံမှန်ဆိုရင် သင်္ကြန်ကာလမှာ  ထိုင်းရောက်နေတဲ့ မြန်မာအလုပ်သမားတွေဟာ မဲဆောက် - မြဝတီ အမှတ် ၁ ချစ်ကြည်ရေး တံတားဂိတ်ကနေ နှစ်စဉ် သောင်းနဲ့ချီပြီး နေရပ်ပြန်ကြပေမယ့် ဒီနှစ်မှာတော့ နိုင်ငံရေး အခြေအနေမတည်ငြိမ်တာကြောင့် အလုပ်သမားအများစုက နေရပ်မပြန်လိုကြဘူးလို့ ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက လူငယ်တွေကို အကြောင်းမဲ့ဖမ်းဆီးစစ်ဆေးတာကြောင့်လည်း နေရပ် မပြန်ရဲကြတာလို့ ထိုင်းနိုင်ငံမှာအလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား တယောက်က ပြောပါတယ်။

ထိုင်းရောက် မြန်မာအလုပ်သမား ကိုပြည့်စုံက “အခုချိန်မှာဆို ပြည်တွင်းကလူတွေတောင် ပြည်ပကို ထွက်ဖို့ ပြင်ဆင်နေကြချိန်မှာ ကျနော်တို့က ပြည်တွင်းထဲကို ပြန်ဝင်ရင် ကိုယ့်အတွက် လုံခြုံမှုရှိပါ့မလား စိတ်ပူမိတယ်။ စစ်မှုထမ်းဥပဒေကလည်း လူစာရင်းကောက်နေတာ တွေ့တဲ့အတွက် ကိုယ်ပြန်တဲ့အချိန်မှာ စာရင်းကောက်တာ ကြုံရမလား စိုးရိမ်မိတယ်။ ဒါကြောင့် မြန်မာပြည်ကို ပြန်ဖြစ်မှာမဟုတ်ဘူး။ ဒီမှာပဲ ကိုယ့်လုံခြုံတဲ့နေရာမှာပဲ ဖြတ်သန်းမယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်မှုထမ်းဥပဒေ အသက်ဝင်ကြောင်း ကြေညာပြီးနောက်မှာ ပြည်တွင်းက အသက် ၁၈ နှစ်အထက် လူငယ်တွေဟာ စစ်မှုမထမ်းလိုတာကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံအပါအဝင် ပြည်ပနိုင်ငံတွေဆီကို ရရာနည်းလမ်းတွေနဲ့ နေရပ်စွန့်ခွာ ထွက်ပြေးလာကြပါတယ်။

ပြည်တွင်းမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးမှုတွေ၊ စစ်မှုထမ်းဥပဒေကြောင့် လူစာရင်း ကောက်ခံတာတွေကြောင့် ပြည်တွင်း နေရပ်ပြန်တာ သတိထားကြဖို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက သတိပေး ပြောဆိုပါတယ်။

မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက “ရှိရှိသမျှသော မြန်မာနိုင်ငံသားတွေက အများစုကတော့ ကိုယ့်လူတွေပဲ။ အနည်းစုကတော့ သူ့လူတွေ။ အမှတ် ၁ ချစ်ကြည်ရေးတံတားမှာဆိုရင် နေ့တိုင်းနေ့တိုင်း မဲဆောက်-မြဝတီ၊ မြဝတီက အနယ်နယ် အရပ်ရပ်ကို သွားနေကြတာ ပြေးဆွဲနေကြတာဖြစ်တဲ့အတွက် ဘယ်လောက်ထိ ခေတ်ဆိုး စနစ်ဆိုး၊ ခေတ်ကြပ် စနစ်ကြပ် ဖြစ်နေပါစေ၊ မိမိရဲ့ရေးရာကိုပဲ ရှေ့တန်းတင်တတ်တဲ့ လူတန်းစားက သပ်သပ်ရှိတယ်။ အဲဒီ လူတန်းစားတွေက ပြန်ကို ပြန်ကြဦးမှာ။ ခေါင်းစဉ် လှလှလေးတွေနဲ့ ဘုရားပြုပြင်ဖို့၊ အိမ်ပြုပြင်ဖို့ စသည်အားဖြင့် ခေါင်းစဉ် လှလှတပ်ပြီး ပျော်ကြပါးကြ လွတ်လပ် ပေါ့ပါးကြဦးမှာ။ ထိုင်းနိုင်ငံလို နေရာမျိုးမှာ လွတ်မြောက်နေပါလျက်နဲ့ မြန်မာနိုင်ငံကို ခြေတဖက်လှမ်းမယ်ဆို စစ်အုပ်စုက ရိုက်ချိုးမှာပဲ” လို့ ဒီဗွီဘီကို မှတ်ချက် ပေးပါတယ်။

မလေးရှားနိုင်ငံမှာလည်း အထောက်အထားမဲ့ မြန်မာအလုပ်သမားဦးရေ ပိုတိုးလာပြီး တရားဝင်ရော၊ တရားမဝင်ပါ ရောက်ရှိနေတဲ့ မြန်မာတွေ ၁ သန်းကျော် ရှိနိုင်တယ်လို့လည်း မလေးရောက် မြန်မာအဖွဲ့တွေက ခန့်မှန်း ပြောပါတယ်။

မလေးရှားမှာ အထောက်အထားမဲ့နေရပေမယ့်လည်း မြန်မာနိုင်ငံကို‌တော့ မပြန်လိုဘူးလို့ မလေးရောက် မြန်မာ အလုပ်သမားတယောက်က ပြောပါတယ်။

“ကျနော်တို့လို Overstay နေသူတွေကျတော့ အခန်းထဲကနေ လမ်းထိပ်က ဈေးဆိုင်သွားဖို့တောင် အခက်အခဲရှိတဲ့ အနေအထားဆိုတော့ သင်္ကြန်က ကျနော်တို့နဲ့တော့ ဘာမှမဆိုင်ဘူးပေါ့။ စစ်မှုထမ်းဥပဒေကလည်း မြန်မာနိုင်ငံမှာ အသက်ဝင်နေတယ်။ တွေ့တဲ့လူကို တွေ့တဲ့နေရာမှာ ဖမ်းချင် ဖမ်းနေတယ်။ ဥပဒေက ပြဋ္ဌာန်းထားတာပဲ ရှိတယ်။ သူတို့ ဖမ်းချင်ရင် ကြိုက်တဲ့လူကို ကြိုက်တဲ့နေရာမှာ ဖမ်းတာ ဥပဒေမဲ့ လုပ်ရပ်တွေ လုပ်နေတော့ ကျနော် ထင်ပါတယ်။ စစ်မှုထမ်းဥပဒေ အကျုံးဝင်တဲ့ အသက်လတ်ပိုင်း အမျိုးသားတွေကတော့ မလေးမှာပဲ ပေကပ်ပြီး နေမှာပဲ။ မြန်မာနိုင်ငံ ပြန်ဖို့ကတော့ အခြေအနေ အရမ်းနည်းပါတယ်။”

စင်ကာပူရောက် မြန်မာတွေကတော့ နိုင်ငံရပ်ခြားရောက်နေသူတွေကို ပြည်တွင်း ပြန်ခေါ်ပြီး စစ်မှုထမ်းခိုင်းမှာကို စိုးရိမ်နေကြပါတယ်။ သင်္ကြန်မှာ မိသားစုနဲ့ ဆုံချင်ပေမယ့် စစ်မှုထမ်းဥပဒေကြောင့် မပြန်ချင်ဘူးလို့ စင်ကာပူရောက် မြန်မာတယောက်က ပြောပါတယ်။

“ကျမတို့ မပြန်ချင်တာက အဓိက စစ်ကောင်စီကြောင့်ပေါ့။ သူတို့ အုပ်ချုပ်နေတော့ မပြန်ချင်ဘူး။ အဓိက အဲတချက်ပေါ့။ စလုံးမှာတော့ မစိုးရိမ်ဘူးပေါ့။ မြန်မာနိုင်ငံကနေ နိုင်ငံခြား ရောက်နေသူတွေကို ဆင့်ခေါ်စာတွေ ခေါ်ပြီး စစ်မှုထမ်းမယ်တွေ ကြားတော့၊ ပြီးရင် မြန်မာနိုင်ငံမှာ သွားတာလာတာလည်း စစ်ဆေးတာတွေရှိတော့ အခုဆို ပိုဆိုးတာပေါ့။ အဓိကတော့ စစ်မှုထမ်းဥပဒေကြောင့်ပေါ့။”

မြန်မာ့အိမ်နီးချင်းလည်းဖြစ်၊ မြန်မာတွေ ရွှေ့ပြောင်းသွားလာနေထိုင်တာ အများဆုံးဖြစ်တဲ့  ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသား ၆ ဒသမ ၈ သန်းကျော်ရှိတယ်လို့ ထိုင်းနိုင်ငံရဲ့ မီဒီယာပေါင်းစုံ ပါဝင်တဲ့ Media Intelligence Group က စစ်တမ်းထုတ်ပြန်ထားပြီး မြေပြင်မှာတော့ ကိန်းဂဏန်းက ဒီထက် ပိုများနိုင်တယ်လို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေက ခန့်မှန်းပြောပါတယ်။

ထိုင်းနိုင်ငံပြီးရင် မလေးရှား၊ စင်ကာပူ၊ ကိုရီးယား၊ ဂျပန် စတဲ့နိုင်ငံတို့မှာလည်း မြန်မာလုပ်သားတွေ အများအပြား သွားရောက် လုပ်ကိုင်နေကြပါတယ်။

ဇွဲသစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013