အခုလ အစောပိုင်းက ပြန်ပေးဆွဲခံခဲ့ရတဲ့ ကျောင်းသား ကျောင်းသူ ၃၀၀ နီးပါး ပြန်လည် လွတ်မြောက်လာကြပြီလို့ နိုင်ဂျီးရီးယားနိုင်ငံ၊ ကာဒူနာပြည်နယ်အုပ်ချုပ်ရေးမှူးက မတ်လ ၂၄ ရက်မှာ X လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
“ကူရီဂါကျောင်းက ကလေးတွေ ဘေးမသီရန်မခဘဲ ပြန်လွတ်လာကြပါပြီ” လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး အူဘာဆာနီက ရေးသားထားပါတယ်။
နိုင်ဂျီးရီးယား ထောက်လှမ်းရေးအေဂျင်စီတွေရော စစ်တပ်ပါ ပူးပေါင်းပြီး ကလေးတွေကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ရေးထားပါတယ်။
မတ်လ ၇ ရက်မှာ ကာဒူနာပြည်နယ်၊ ချီကွန်ခရိုင်က ကူရီဂါကျေးရွာမှာရှိတဲ့ LEA မူလတန်းနဲ့ အထက်တန်းကျောင်းကို မော်တော်ဆိုင်ကယ်စီး လက်နက်ကိုင်ဓားပြတွေက ဝင်စီးခဲ့ကြပြီး ကျောင်းသား ကျောင်းသူ ၃၀၀ ကျော်ကို ပြန်ပေးဆွဲသွားခဲ့တာပါ။ တချို့ကျောင်းသားတွေကို ကယ်ဆယ်နိုင်ခဲ့ပေမဲ့ ၂၈၇ ဦးအထိ ကျန်နေတာဖြစ်ပြီး အဲဒီအထဲမှာ မူလတန်းကလေး ၁၀၀ လောက် ပါဝင်ပါတယ်။
သေနတ်သမားတွေက ပြန်ပေးငွေအဖြစ် နိုင်ဂျီးရီးယားငွေ ၁ ဘီလီယံ နိုင်ရာ (ဒေါ်လာ ၆ သိန်းကျော်) တောင်းခံခဲ့ပြီး မပေးရင် ကလေးတွေ အကုန်သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
ကဒူနာပြည်နယ်မှာ ဓားပြတွေက အစုလိုက်အပြုံလိုက် ပြန်ပေးဆွဲတာမျိုး မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။
Source/Photo-REUTERS/Stringer/File Photo